DVB Logo
Home
မြန်မာသတင်း
မံစီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦ ၃၀ ထက်မနည်း ပျက်စီးဆုံးရှုံး
DVB
·
May 16, 2023
မံစီမြို့နယ်တွင် မိုခါမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦ ၃၀ ထက်မနည်း ပျက်စီးဆုံးရှုံး
Donate to DVB

ကချင်ပြည်နယ် မံစီမြို့နယ်မှာ မိုခါမုန်တိုင်း တိုက်ခိုက်မှုကြောင့် နေအိမ်နဲ့အဆောက်အဦ အလုံး ၃၀ ထက်မနည်း ထိခိုက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုခါမုန်တိုင်းဟာ  မိုင်ကုန်ကျေးရွာကို  မေ ၁၅ ရက်နေ့ မနက်က ဝင်ရောက်တိုက်ခိုက်သွားတဲ့အတွက် လူနေအိမ်၊ ဆေးပေးခန်း၊ စပါးသိုလှောင်ကျီတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

"၁၂ နာရီလောက်မှာ လေကအတော်ကြမ်းတယ်။ ရွာက လူနေအိမ်ခေါင်မိုးတွေ လွှင့်ထွက်သွားတယ်။ ဆေးပေးခန်း ခေါင်မိုးလည်းမရှိတော့ဘူး။ သစ်ပင်တွေလည်း လဲတယ်။  မိုးရာသီ စုဆောင်းထားတဲ့ ရိက္ခာတွေလည်း ပျက်စီးသွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

 မိုင်ကုန်ကျေးရွာမှာ လူနေအိမ် ၄၃ လုံး ရှိပြီး မိုခါ မုန်တိုင်း တိုက်ခိုက်ခဲ့တဲ့အတွက် လူနေအိမ် အလုံး ၃၀ ထက်မနည်း ပျက်စီးသွားပြီး စိုက်ပျိုးသီးပင် စားပင်တွေလည်း များစွာဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့နယ် IDP စခန်းက အဆောက်အဦတွေ၊ မဂယန် စစ်ရှောင်စခန်းက အဆောက်အဦတွေ နဲ့ ဝိုင်းမော်မြို့နယ် ပါဂျောင်ရွာအနီး ရှအစ်ယန် စစ်ရှောင်စခန်းက အဆောက်အဦတွေလည်း မိုခါမုန်တိုင်း တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်ပျက်စီးခဲ့ပါတယ်။

မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးကနေ စတင်ဝင်ရောက်ခဲ့ပြီး ချင်းပြည်နယ် ပလက်ဝ၊ မတူပီ၊ စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာ၊ ကချင်ပြည်နယ် ဗန်းမော်မြို့တွေကိုဖြတ်ပြီး တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ်အဖြစ် အားလျော့ကာ တရုတ်နိုင်ငံအတွင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်သွားကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းမှာ  နေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အအုံ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာ အဆောက်အအုံ ၃၈ လုံး ပျက်စီးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013