DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ညောင်ပင်သာရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူ ၃၅၀၉ ဦးထိ ရှိလာ
DVB
·
May 15, 2023
စစ်တပ် မီးရှို့သတ်ဖြတ်ခဲ့သည့် ညောင်ပင်သာရွာသား ၁၈ ဦးအပါအဝင် ကျဆုံးပြည်သူ ၃၅၀၉ ဦးထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၅၀၉ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၂,၂၅၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ မေ ၁၅ ရက အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၉၄၈ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၉၂၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၃၀၃ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အေအေပီပီ မှတ်တမ်းနှင့်သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အကြမ်းဖက်စစ်အုပ်စုတပ်က အရပ်သားပြည်သူတွေကို အစုလိုက် အပြုံလိုက် ဖမ်းဆီး သတ်ဖြတ်မှုတွေနဲ့ မုန်တိုင်းဒဏ်သင့်ဧရိယာတွေက အရပ်သားပြည်သူတွေ နေထိုင်ရာဒေသတွေကို စစ်ကြောင်းထိုးဝင်ရောက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက် ၁၀ နာရီကနေ ညနေ ၅ နာရီ လောက်အထိ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာ ကျေးရွာနားမှာ အကြမ်းဖက် စစ်အုပ်စုတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စု စစ်ကြောင်းက ကျေးရွာထဲက အသက် ၁၈ နှစ်နဲ့အောက် က လေး ၆ ယောက် အပါအဝင် အရပ်သား ၁၈ ယောက်ကို ဖမ်းဆီးမီးရှို့ သတ်ဖြတ်ခဲ့တယ် လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က အရပ်သားပြည်သူ ၂ သောင်းခွဲ လောက်ဟာ မိုခါ (Mocha) ဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှု ဖြစ်ပေါ်နေချိန် အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးခဲ့တာကြောင့် သဘာဝဘေးအန္တရာယ် ကျရောက်နေချိန်မှာတောင် မိုးထဲ လေထဲ အသက်လု ထွက်ပြေး တိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေ ၁၀ ရက်မနက်ပိုင်းက တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီးတော့ မင်္ဂလာဆောင်အတွက် အကြိုဓါတ်ပုံရိုက်ရန် ကျေးရွာထဲကို ရောက်ရှိနေတဲ့ ဖမ်းဝရမ်းထုတ်ခံ ထားရတဲ့ ရန်တောင်ကျေးရွာက ကိုတင်ရှိန်နဲ့ သတိုးသမီးလောင်းတို့ ၂ ယောက်ကို ဖမ်း ဆီးခဲ့သည်။ အဲဒီနောက် မေ ၁၁ ရက်ညနေပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ကိုတင်ရှိန်ကို သူ့ရဲ့ နေအိမ်ရှိရာ ရန်တောင်ကျေးရွာဆီ ခေါ်ဆောင်ခဲ့ပြီး သူ့ရဲ့နေအိမ်ရှေ့မှာပဲ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မေ ၈ ရက်တုန်းကလည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက အကြမ်းဖက်စစ်အုပ်စုရဲ့ ကော့ကရိတ်မြို့ အခြေစိုက် ခလရ ၉၇ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မေ ၉ ရက်ကနေ ၁၁ ရက်နေ့အထိ ကော့က ရိတ်မြို့က ဒေသခံ ၄၀ လောက်ကို ခရိုင်ရဲတပ်ဖွဲ့မှူးနဲ့ ကော့ကရိတ် စစ်ဗျူဟာတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးကာ ကော့ကရိတ်မြို့မ ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ လုပ်ငန်းရှင်တွေ၊ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ အပါအဝင် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့သူတွေ ပါဝင်ပြီး သူတို့ကို မိသားစုဝင်တွေက တွေ့ခွင့်မရရှိသေးဘူးလို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013