Home
မြန်မာသတင်း
ရခိုင်မုန်တိုင်းသင့်ပြည်သူများအတွက် အမ်ပီတီနှင့် အော်ရီဒူးက ဖုန်းနှင့် အင်တာနက်အခမဲ့ သုံးခွင့်ပြု 
DVB
·
May 15, 2023
346066370_975515250463546_2146631322551466381_n

ရခိုင်ဒေသက မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် ဆက်သွယ်ရေး အော်ပရေတာတွေ ဖြစ်တဲ့ အမ်ပီတီ၊ အော်ရီဒူးတို့က ဖုန်း၊ အင်တာနက်အခမဲ့ သုံးစွဲခွင့်တွေ အပါအဝင် တယ်လီကွန်း ဝန်ဆောင်မှုတွေ ထောက်ပံ့ဆောင်ရွက်ပေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

မေ ၁၄ ရက် မနေ့က ရက်စွဲနဲ့ အော်ရီဒူးမြန်မာရဲ့ ထုတ်ပြန်ချက်မှာတော့ တဦးနဲ့ တဦး အဆက်အသွယ် မပြတ်ရှိနေနိုင်ဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ရယူနိုင်ဖို့ အခုလိုအချိန်မှာ အရေးကြီးတာမို့ အူရီဒူးချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ခွင့်၊ မက်ဆေ့ချ်ပေးပို့ခွင့်နဲ့ 1GB ဒေတာတွေကို ရခိုင်က အူရီဒူးသုံးစွဲသူတွေအတွက် မေ ၁၆ ရက်ညအထိ သုံးခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

အမ်ပီတီကတော့ မေ ၁၅ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်လာတာဖြစ်ပြီး ရခိုင်ဒေသက မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် သူတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ် ရရှိနိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အထောက်အကူဖြစ်စေဖို့ အမ်ပီတီ ဖုန်းအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်၊ စာတိုပေးပို့ခွင့်နဲ့ ဒေတာ (1GB) တွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မုန်တိုင်းဒဏ်ကြောင့် တာဝါပြိုလဲမှုရဲ့ အကျိုးဆက်အဖြစ် ဆက်သွယ်ရေးအခက်အခဲတွေ ဖြစ်ပေါ်နေရတဲ့အပေါ် အနူးအညွတ်တောင်းပန်ကြောင်းနဲ့ သက်ဆိုင်ရာ အင်ဂျင်နီယာအဖွဲ့အနေနဲ့ ရခိုင်ဒေသအတွင်း ဆက်သွယ်ရေးဝန်ဆောင်မှုတွေ နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေဖို့အတွက် ပြင်ဆင်မှုတွေ လျင်မြန်စွာ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မုန်တိုင်းလမ်းကြောင်းနဲ့ အနီးဆုံးဖြစ်တဲ့ စစ်တွေမြို့မှာတော့ မနေ့ညပိုင်းကစလို့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်ကုန်ပြီး ဒီမနက်မှာတော့ တချို့အင်တာနက်လိုင်းတွေ ပြန်ရလာပေမဲ့ ဖုန်းလိုင်းကတော့ NGO အဖွဲ့ တချို့ပဲ ရနေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီက မိုခါဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခဲ့လို့ တမြို့လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တဲ့ စစ်တွေအပါအဝင် ရခိုင်ပြည်နယ်က မြိုနယ် ၁၇ ခုကို သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် သတ်မှတ်လိုက်တယ်လို့ ကြေညာထားပါတယ်။

ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏာကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ-၁၁ အရ သတ်မှတ်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အင်အားကြီးမားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၄ ရက် မနေ့က မနက် ၁၁ နာရီခွဲလောက်ကစပြီး  လေတိုက်နှုန်း ၁ နာရီကို မိုင် ၁၃၀ နှုန်းနဲ့ ရခိုင်ကမ်းရိုးတန်းကို စစ်တွေမြို့နားက  ဖြတ်ကျော် ဝင်ရောက်ခဲ့တာပါ။

အဆိုပါ မုန်တိုင်းနဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေကြောင့် ရခိုင်၊ ရှမ်း၊ မန္တလေးနဲ့ ဧရာဝတီမှာ  သေဆုံးသူ ၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မုန်တိုင်းဘေး ကနဦး ထိခိုက်ပျက်စီးမှု အခြေအနေကို ထုတ်ပြန်ထားပြီး အသေးစိတ် ထိခိုက်သေဆုံးမှု အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကသာမြို့အနီးကနေ ကုန်းတွင်းကို ရွေ့လျားဝင်ရောက်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဟာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးကနေ အရှေ့-အရှေ့မြောက်ယွန်းယွန်းကို ရွေ့လျားခဲ့ပြီး၊ တရုတ်-မြန်မာနယ်စပ်မှာ မုန်တိုင်းငယ် (Depression) အဖြစ်ကို အားလျော့သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် နောက် ၂၄ နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား၊ အချို့ဒေသတွေမှာ  ဒေသအလိုက် နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024