ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ထဲကို တရားမဝင် ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၂ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
မဲဆောက်မြို့အထွက် မယ်ပရပ်ကွက်အပိုင်၊ ဟွေ့ဟင်ဖွန်အဖွဲ့စုံစု ပေါင်းစစ်ဆေးရေးဂိတ်မှာ မေ ၁၄ ရက် ညပိုင်းက ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေ နယ်စပ်လုံခြုံရေးတာဝန် ထမ်းဆောင်နေချိန် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာကနေ ဖမ်းဆီးရမိခဲ့တာပါ။
မဲဆောက်မြို့ထဲကနေ ကားတစ်စီးက အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့အတွက် တားဆီးစစ်ဆေးရာ ယာဥ်မောင်းထိုင်းအမျိုးသား တယောက်နဲ့အတူ မြန်မာနိုင်ငံသားတွေကို တွေ့ရှိခဲ့တဲ့အတွက် စစ်ဆေးရာ အထောက်အထားတစုံတရာ မရှိဘဲ မြဝတီမြို့ကနေ လာရောက်တာဖြစ်ပြီး ပွဲစားခ ဘယ်ရွေ့ဘယ်မျှပေးရကြောင်း၊ ဘယ်နေရာကို အလုပ်လုပ်ကိုင်ဖို့ သွားမယ်ဆိုတာကိုတော့ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။
လတ်တလော ဖမ်းဆီးရမိတဲ့ ထိုင်းအမျိုးသား တယောက်နဲ့ မြန်မာ ၁၂ ယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ မဲဆောက်မြို့ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
ထိုင်းနိုင်ငံမှာ ရွေးကောက်ပွဲကာလဖြစ်နေတဲ့အတွက် မြို့တွင်းဒေသတွေကို လုံခြုံရေး အထူးတင်းကျပ်ထားပြီး နယ်စပ်နေရာတွေမှာလည်း လုံခြုံရေးတိုးမြှင့်ထားတဲ့အတွက် နေ့စဥ်လိုလို တရားမဝင်လုပ်သားတွေ ဖမ်းဆီးခံနေရတာပါ။
Source -Maesot media