ကိုလံဘီယာသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့မှာ ထရမ့်ပ်ထောက်ခံသူ လက်ယာစွန်းဝါဒီ သန်းကြွယ်သူဌေးကြီး အဘယ်လာဒိုဒီလာအက်စ်ပရဲလားက ကပ်အနိုင်ရသွားတယ်လို့ ကနဦးမဲရလဒ်တွေအရ သိရပါတယ်။
မဲ ၉၉ ဒသမ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်မှာ အက်စ်ပရဲလားက မဲ ၄၉ ဒသမ ၆၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပြိုင်ဘက် လက်ဝဲယိမ်း အထက်လွှတ်တော်အမတ် အီဗန် ဆက်ပေဒါက ၄၈ ဒသမ ၇ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။
ဒီအနိုင်ရမှုနဲ့ပတ်သက်ပြီး “သူ အပြတ်အသတ် နိုင်သွားပြီ” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိသမ္မတ ဂူစတာဗိုပေထရိုနဲ့ ရှုံးနိမ့်သူ ဆက်ပေဒါတို့ကတော့ ကနဦးရလဒ်ကို လက်မခံဘဲ တရားဝင်မဲရလဒ်ကိုသာ အသိအမှတ်ပြုမယ်လို့ ပြောပါတယ်။
ဒီရလဒ်ဟာ ကိုလံဘီယာကို ၄ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ လက်ဝဲယိမ်းအစိုးရဆီကနေ လက်ယာစွန်းဝါဒီတွေဆီ အာဏာပြန်ရောက်လာတာ ဖြစ်ပါတယ်။
အတည်ပြုနိုင်မယ်ဆိုရင် လာမဲ့ ဩဂုတ် ၇ ရက်နေ့မှာ သမ္မတသစ် တက်မှာဖြစ်ပါတယ်။ အက်စ်ပရဲလားက ရာဇဝတ်ဂိုဏ်းတွေကို စစ်ရေးအရ အပြင်းအထန် နှိမ်နင်းသွားမယ်လို့ ကတိပေးထားပါတယ်။
အမေရိကန်နဲ့ အနီးကပ် မဟာမိတ်ဖွဲ့ပြီး နိုင်ငံတွင်းက တရားမဝင် မူးယစ်ဆေးဝါးလုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိအစိုးရရဲ့ ၄ နှစ်တာ ငြိမ်းချမ်းရေးကြိုးပမ်းမှုဟာ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ကမှ လူ ၉၉ ယောက်ပါ ဂိုဏ်းငယ်တခုကိုသာ လက်နက်ချခိုင်းနိုင်ခဲ့တဲ့အထိ အားနည်းခဲ့တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာအပြီး နိုင်ငံတဝန်းမှာ ဆက်ပေဒါကို ထောက်ခံသူတွေက လမ်းပေါ်ထွက် ဆန္ဒပြနေကြပါတယ်။










