
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ မိုခါ မုန်တိုင်းအရှိန်ကြောင့် မေ ၁၃ ရက် မနက် အစောပိုင်းက စတင်ကာ မိုးရွာသွန်းပြီး မုံရွာမြို့ ရပ်ကွက်တချို့မှာ သက်တမ်းရင့် သစ်ပင်ကြီးများ လမ်းပေါ်နဲ့ လူနေအိမ်အချို့ပေါ် လဲပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ခံတဦးက "၁၃ ရက် ည အစောပိုင်းကနေ ဒီနေ့ ၁၄ ရက်နေ့ မနက်ထိ မိုးရွာလို့ ဖုန်းဆိုး ရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ ဘူတာလမ်း စတဲ့နေရာတွေက သက်တမ်းရင့် တမာပင်နဲ့ ကုက္ကိုပင်ကြီး တွေ လဲကျခဲ့တာ။ လူနေအိမ်တွေ ထိခိုက်တာတော့ရှိတယ်။ အသေးစိတ်တော့မသိရသေးဘူး" လို့ DVB ကို ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာလည်း မုန်တိုင်းမိုး မေ ၁၄ ရက် မနက် အစောပိုင်းက စတင်ရွာနေပြီး လေပြင်းတိုက်တာ မိုးကြီးတာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် ဒေသခံတဦးက “၁၃ ရက်နေ့ ညကတော့ မိုးရွာပြီး လေတိုက်တယ်၊ မိုးလည်းမ များဘူး၊ လေလည်း မကြမ်းဘူး။ ဒီနေ့ ၁၄ ရက်နေ့ကတော့ မနက်ကတည်းက မိုးဖွဲဖွဲလေး ရွာနေတယ်၊ လေတော့မတိုက်ဘူး" လို့ ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်ဟာ မိုခါမုန်တိုင်းလမ်းကြောင်းပေါ်မှာရှိပြီး မုန်တိုင်းနဲ့ ပတ်သက်ပြီး ကြိုတင် ပြင်ဆင် လုပ်ဆောင်ထားတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်အပါအဝင် ကျေးရွာတွေပေါ်ကနေ မေ ၁၄ ရက် ည ၈ နာရီ နောက်ပိုင်း လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ နဲ့ မိုခါမုန်တိုင်း ဖြတ်သန်းမယ်လို့ မိုးဇလသတင်း MMW Eather က သတိပေး ထုတ်ပြန်ထားပါတယ်။
မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ မေ ၁၅ ရက် နေ့လယ် ၁ နာရီကစပြီး နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်တို့မှာ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်ရွာသွန်းနိုင်ကာ နေရာကွက် မိုးကြီး မြေပြိုတာ၊ ရုတ်တရက်ရေကြီးတာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။










