
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ မေ ၁၄ ရက် မနက် ၆ နာရီ ကျော်လောက်က လူနေအိမ်ပေါ်ကို မြေထိန်းနံရံပြိုကျလို့ ဒေသခံ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူရဲ့ အလောင်းတွေကို တာချီလိတ်လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ တာချီလိတ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ကို တိုက်ခတ်နေတဲ့ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံ တဝန်း မိုးသည်ထန်စွာရွာသွန်း လေပြင်းတွေ တိုက်ခတ်နေလို့ သစ်ပင်တွေလဲကျ၊ လူနေအိမ်တွေ ပျက်စီးမှုတွေ ရှိနေတာဖြစ်ပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက် ရေကြီးမြေပြို ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီး နေထိုင်သူတွေ မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုပါတယ်။
Photo-MFS