
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါတငူးရွာ၊ ဒေါစဲရွာ၊ တနီးလာလဲကျေးရွာတွေနဲ့ အနီးတဝိုက်က ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရှိနေတာကြောင့် တောင်ယာပြန်စိုက်တ် မပြုလုပ်ကြသေးဖို့ KNDF တပ်ရင်း ၁၀မှ မေလ ၁၄ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။
အကြောင်းအရင်းကတော့ စစ်ကောင်စီတပ်ဟာ အဆိုပါ ကျေးရွာတွေနဲ့ အနီးတဝိုက်မှာ တပ်စွဲလှုပ်ရှားနေပြီး ရွာကိုပြန်လာတဲ့ ဒေသခံပြည်သူတွေကို ဖမ်းဆီးတာ၊ လိုက်လံပစ်ခတ်တာ၊ စောင့်ဖမ်းတာတွေ ပြုလုပ်နေတဲ့အတွက်ကြောင့် မေတ္တာရပ်ခံရတာလို့ ဆိုပါတယ်။
"အဓိကကတော့ ပြည်သူတွေထိခိုက်မှာစိုးလို့ပေါ့။ ရွာသားတယောက်ရဲ့ လယ်တွေဆိုရင် လက်နက်ကြီး ခဏခဏကျတာ၊ လယ်ပြန်စိုက်လည်း ဘာမ မထူးဘူးလေ။ လူကိုလည်း ထိခိုက်နိုင်တာပေါ့" လို့ ရှေ့တန်းရဲဘော်တယောက်က ပြောပါတယ်။
အခုအချိန်ဟာ တောင်ယာစိုက်ပျိုးရတဲ့ ရာသီဖြစ်တဲ့အတွက် စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ထွန်စက်တွေ၊ ကိုင်ရှည် စက်တွေကို ရွာတွေအတွင်း ပြန်ယူကြတာ၊ ပြန်ကြည့်ကြတာတွေ လုပ်တဲ့အခါ စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းထွက်ပြီး စောင့်ဆိုင်းဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အရှေ့ဘက်ခြမ်း ကျေးရွာများအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာ ၃ လနီးပါးရှိနေပြီး အခုထိလည်း တိုက်ပဲဲဖြစ်ပွားနေသေးတယ်လို့ သိရပါတယ်။