DVB Logo
Home
မြန်မာသတင်း
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ၌  "မိုခါ" မုန်တိုင်းဗဟိုချက်  စစ်တွေနားမှ ဖြတ်ဝင်မည်
DVB
·
May 14, 2023
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ၌  "မိုခါ" မုန်တိုင်းဗဟိုချက်  စစ်တွေနားမှ ဖြတ်ဝင်မည်
Donate to DVB

အားအလွန့်အလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"ဟာ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၁၀၀ လောက်မှာ ဗဟိုပြုနေပြီး မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ကုန်းတွင်းပိုင်းကို  စတင် ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်နိုင်က ဆိုပါတယ်။ 

မုန်တိုင်းရဲ့ အပြင်ဘက်ဆုံး အဝန်းအဝိုင်းဟာ  ရခိုင်ကမ်းရိုးတန်းဒေသတွေကို စတင်ဖြတ်ကျော် နေပြီး  မုန်တိုင်းရဲ့ ဗဟိုချက်ဟာ နေ့လယ်ပိုင်းမှာ  ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့နားကနေ  အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း “မိုခါ”အနေနဲ့  ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း မိုးဇလဌာနက ဒီနေ့မနက်မှာထုတ်ပြန်ပါတယ်။

မိုခါ မုန်တိုင်းဟာ စစ်တွေမြောက်ဘက် ၂၅ မိုင်အကွာမှာရှိတဲ့ ကျောက်ပန္ဒူရွာနားကနေ ဝင်နိုင်ပြီး တစ်နာရီ မိုင် ၁၅၀ မှ ၁၄၃ မိုင်နှုန်းကို လေတိုက်နှုန်း အနည်းငယ်လျော့ကျကာ မုန်တိုင်းဒီလှိုင်း အမြင့် ၈ ပေကျော်အထိ ရိုက်ခတ်ဝင်ရောက်နိုင်တယ်လို့ ဦးဝင်နိုင်က ပြောပါတယ်။

မုန်တိုင်းကုန်းတွင်းဝင်ပြီးချိန် ရခိုင်ရိုးမပေါ်နဲ့ ချင်းတောင်တန်းတွေပေါ်မှာ လေပြင်း မိုင် ၁၀၀ ကျော်နဲ့ တိုက်ခတ်နိုင်ပြီး မိုးအလွန်သည်းထန်နိုင်ကာ အဖျက်စွမ်းအားအလွန်မြင့်မားတဲ့ ဆိုင်ကလုန်း မုန်တိုင်းဖြစ်လာနိုင်မယ်လို့လည်း ဆိုပါတယ်။ 

မုန်တိုင်းကြောင့်ဘဲ ရခိုင်ပြည်နယ်မှာ  အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ မိုင် ၁၁၀ ကနေ  မိုင် ၁၂၀ လောက်အထိ၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ဧရာဝတီနဲ့ ချင်းပြည်နယ်တို့မှာ အမြင့်ဆုံး လေတိုက်နှုန်း ၁ နာရီ မိုင် ၇၀ ကနေ မိုင် ၉၀ လောက်အထိနဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ  အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီလျှင် မိုင် ၄၀ ကနေ  မိုင် ၆၀ လောက်အထိ တိုက်ခတ်နိုင်ကြောင်း မိုးဇလဌာနက ခန့်မှန်းထားပါတယ်။ 

လတ်တလောမှာ ဆိုင်ကလုန်းမုန်တိုင်း  “မိုခါ”(MOCHA) ဟာ မြောက်-အရှေ့မြောက်ယွန်းယွန်းဆီ ရွေ့ လျားခဲ့ပြီး စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၃၅ မိုင် လောက်နဲ့ ကျောက်ဖြူမြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၁၄၅ မိုင်လောက် အကွာမှာ ရောက်ရှိ နေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ဒီကနေ့ မေ ၁၄ ရက် မနက် ၇ နာရီအချိန် တိုင်းထွာချက်တွေအရ နောက်ဆုံး ထုတ်ပြန်ထား တာဖြစ်ပြီး မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် ၁၈၀ လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအလွန်ကြီးမှာဖြစ်ကာ မိုးသက်လေ ပြင်းကျချိန်မှာ ရေပြင်/ မြေပြင်လေဟာ ၁ နာရီကို မိုင် ၁၁၀ ကနေ ၁၂၀ လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားသလို မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးနိုင်ကာ မိုးသက် လေပြင်းကျရောက်ချိန် ရေပြင်/မြေပြင်လေကတော့ ၁ နာရီကို မိုင် ၅၀ ကနေ ၇၀ လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ တခါတရံ မိုးသက်လေပြင်းတွေကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ ၁ နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်လောက်အထိ တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

လှိုင်းအမြင့်ကတော့ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၆ ပေ ကနေ ပေ ၂၀ လောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင် တို့မှာ ၁၀ ပေကနေ ၁၄ ပေလောက်ထိ ရှိနိုင်ပြီး မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်း တလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ ၉ ပေကနေ ၁၃ ပေလောက်ထိ ရှိနိုင် တယ်လို့ ဆိုပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင် လယ်ပြင်မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာတော့ တိမ်ထူထပ်နေတယ်လို့ ဖော် ပြပါတယ်။

ဒီကနေ့ ညနေပိုင်းအထိ ခန့်မှန်းချက်မှာတော့ တနင်္သာရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင် ပြည်နယ်တွေမှာ ဒေသအလိုက်နဲ့ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်ကာ ရွာရန် ရာနှုန်း ပြည့် ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013