
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် လဝကဦးစီးမှူးရုံးက တိုက်နယ်မှူးဟာ ဗိုလ်မှူးတယောက်ရဲ့ သမီးဆီက မှတ်ပုံတင်လုပ်ခ တောင်းမိတာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ လဝကရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၃၀ ရက်က အသက် ၁၈ နှစ်ပြည့် မှတ်ပုံတင် လာရောက်လုပ်ကိုင်တဲ့ အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးစိုးမင်းဦးရဲ့ သမီးဖြစ်တဲ့ မမြသဲခိုင် ဆီက ပုသိမ် လဝက ရုံးတိုက်နယ်မှူးက ငွေကျပ် ၈ဝ,ဝဝဝ တောင်းခံခဲ့တာလို့ သိရပါတယ်။
အနောက်တောင်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးစိုးမင်းဦးရဲ့ သမီးဖြစ်သူကို မှတ်ပုံတင်လုပ်ပေးရာမှာ ငွေကျပ် ၈၀,၀၀၀ တောင်းခံခဲ့တဲ့အတွက် လက်ရှိမှာ ဗိုလ်မှူး စိုးမင်းဦးဘက်က တိုင်ကြားမှုကြောင့် လဝက တိုက်နယ်မှူးကို နေပြည်တော်နဲ့ ပုသိမ်စစ်ရေးအဖွဲ့က ဇွန် ၂ ရက်က စစ်ဆေးနေတာလို့ သိရပါတယ်။
ပုသိမ် လဝကရုံးနဲ့ နီးစပ်သူတယောက်က “သူတို့အချင်းချင်းဖြစ်တာလို့ပဲ ပြောရမယ်။ သူတို့ (စစ်တပ်) ဘက်က လူတွေခံရတော့ သိပြီမဟုတ်လား။ အရပ်သားတွေအနေနဲ့ လဝကမှာ ငွေမပေးရဘဲ မှတ်ပုံတင်လုပ်ရတဲ့သူဆိုတာ မရှိဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၃ ရက်က စစ်အာဏာရှင်ရဲ့ လဝကဝန်ကြီးဌာနအနေနဲ့ မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေးတောင်းခံသူတွေနဲ့ သတင်းအမှား ဖြန့်ဝေသူတွေကို အရေးယူသွားမယ်လို့ တရားဝင် ထုတ်ပြန်ကြေညာထားပေမဲ့လည်း လက်တွေ့မြေပြင်မှာတော့ မှတ်ပုံတင် လာရောက် လုပ်ကိုင်သူတွေအနေနဲ့ လဝကဝန်ထမ်းတွေကို အနည်းဆုံး ငွေကျပ် ၃၀,၀၀၀ ကနေ ငွေကျပ် ၁ သိန်းအထိပေးမှ မှတ်ပုံတင်လုပ်ပေးကြတယ်လို့ ဆိုပါတယ်။










