
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တရားမဝင်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး အများအပြားကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၁၁ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိထားတယ်လို့ ထီးချိုင်မြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတွေထံက သိရပါတယ်။
မူးယစ်ဆေးတွေဟာ ရှမ်းပြည်တောင်ပိုင်းကနေ သယ်ဆောင်လာတာဖြစ်ပြီး မြစ်ကြီုးနားမြို့ကို ပို့ဆောင် ဖြန့်ဖြူးရောင်းချဖို့ ဖြစ်တယ်လို့လည်း သယ်ဆောင်လာသူတွေက ပြောတယ်လို့ ဆိုပါတယ်။
ထီးချိုင့်မြို့နယ် ပကဖ တာဝန်ရှိသူ တဦးက “လူ ငါးယောက် ဆိုင်ကယ် ငါးစီးနဲ့သယ်လာတာကို ရှောင်တခင် စစ်ဆေးရာကတွေ့တာ။ ကာလတန်ကြေးနဲ့ဆိုရင် သိန်းပေါင်း ခြောက်ထောင် ကျော်ရှိမယ်။ ဘိန်းဖြူတွေပါ။ အရေအတွက်နဲ့ ဆိုရင် ဆပ်ပြာခွက် ၆၆၀ ခွက် ဖမ်းမိတာပါ။ မြို့နယ်ပလဖအဖွဲ့ထံ တရားဝင် လွှဲပြောင်း အပ်နှံထားပါတယ်”လို့ ပြောပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေဟာ မုံးကိုးမြို့နယ်နေ မောင်လခမ်း (၂၃ နှစ်)၊ မောင်ခေါင်ဟောင်း (၂၉) နှစ်၊ မောင်လွမ်းချင်း (၃၃ နှစ်)၊ လားရှိုးမြို့နယ်နေ မောင်ဇော်ဆိုင်း (၂၅ နှစ်)နဲ့ မောင်အောင်မြင်အသက် (၂၅ နှစ်)တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။
မူးယစ်ဆေးဝါး သယ်ဆောင်လာသူများကို NUG အစိုးရရဲ့ တရားဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ထီးချိုင်နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။