DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းဝင်နိုင်မည့် ရခိုင်ပြည်နယ် မြို့အချို့မှ ပြည်သူများ ကြိုတင်ပြောင်းရွှေ့ပြီးပြီဟုဆို
DVB
·
May 13, 2023
မုန်တိုင်းဝင်နိုင်မည့် ရခိုင်ပြည်နယ် မြို့အချို့မှ ပြည်သူများ ကြိုတင်ပြောင်းရွှေ့ပြီးပြီဟုဆို
Donate to DVB

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့လမ်းကြောင်းပေါ်က ရခိုင်ပြည်နယ်အတွင်း မြို့အချို့က ပြည်သူတွေ ကြိုတင်ပြင်ဆင်ပြောင်းရွှေ့ထားကြပြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့ဒေသခံတယောက်က “ကမ့်ထဲကလူတွေကိုတော့ ပြောင်းပေးထားပြီ။ တချို့ရွာတွေမှာတော့ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ မသန်စွမ်းသူတွေကို ဦးစားပေးပြီး ပြောင်းပေးတယ်။ အုန်းတောချေကမ့်နဲ့ နောက်တခုက လေလမ်းကြောင်းပေါ်မှာရှိတယ်။ ခု မနက်မှာပဲ သက်ကယ်ပြင် စာသင်ကျောင်းကိုရွှေ့နေပြီ။ အဲနေရာကတော့ တခြားနေရာနဲ့စာရင်တော့ မဆိုးဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ မုန်တိုင်းတိုက်ခတ်လာနိုင်တဲ့ လေလမ်းကြောင်းပေါ်က လူတွေအားလုံးနီးပါး ပြောင်းရွှေ့ထားပြီးဖြစ်သလို ပြောင်းတဲ့နေရာတွေကလည်း လုံခြုံသလောက် ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။       

တချို့နေရာတွေမှာတော့ မပြောင်းရွှေ့ကြသေးတဲ့သူတွေရှိနေပြီး ဌာနဆိုင်ရာတွေက လာရောက်တွေ့ဆုံနေတယ်လို့ သူက ဆိုပါတယ်။

“တချို့လူတွေက အိမ်တွေ၊ ပစ္စည်းတွေကိုထားပြီး မသွားချင်ကြဘူး။ ခုတော့ ဌာနပေါင်းစုံက လူတွေလာပြီး သူတို့ကို ပြောနေကြတယ်။ အတင်းပြောင်းခိုင်းတာတော့ မဟုတ်ဘူး။ မုန်တိုင်းအကြောင်းရှင်းပြပြီး ပြောင်းဖို့ တိုက်တွန်းတာ။ စားနပ်ရိက္ခာကို ထွေအုပ်ကပေးမယ်တဲ့” လို့ ပြောပါတယ်။

လက်ရှိမှာတော့ စစ်တွေမှာ တိမ်တူမိုးအုံ့နေပြီး ဒီနေ့မနက်က မိုးရွာခဲ့တယ်လို့ သူက ဆိုပါတယ်။

စစ်တွေမြို့ပေါ်က တချို့သူတွေကတော့ ပုဏ္ဏားကျွန်းမြို့ဘက်ကို ပြောင်းရွှေ့သွားကြတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀၁၇ က မုန်တိုင်းတခုဝင်တိုက်ခဲ့ဖူးပြီး လူတွေ ထိခိုက်သေဆုံးတာမရှိပေမယ့် အိမ်ခြေတော်တော်များများ ပျက်စီးခဲ့ဖူးပါတယ်။  

မုန်တိုင်းကြောင့်ထိခိုက်နိုင်တဲ့ ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့တို့မှာလည်း ဘေးလွတ်ရာ ပြောင်းရွှေ့နေကြပြီး ကျောက်ဖြူမြို့က မွတ်စလင်ဒုက္ခသည်စခန်းကတော့ အခုထိ မပြောင်းရွှေ့ရသေးဘူးလို့ သိရပါတယ်။

စခန်းမှာ နေထိုင်သူတယောက်က “လူတွေကတော့ ပြောင်းရွှေ့ဖို့ အဆင်သင့် လုပ်ထားတယ်။ ဌာနဆိုင်ရာတွေက ဒီနေ့လယ်မှာ လာမယ်လို့ ပြောတယ်။ သိရသလောက်တော့ လိုအပ်လာရင် ပြောင်းဖို့ စီစဉ်ထားတဲ့အကြောင်း လာပြောမယ် ထင်တယ်။ ပြောင်းမယ်ဆိုရင် ဒီနားက စစ်တပ်ထဲကိုပြောင်းရမယ်” လို့ ပြောပါတယ်။ 

အဲဒီကျောက်တလုံး ဒုက္ခသည်စခန်းဟာ ပင်လယ်ကမ်းခြေနဲ့ တောင်ကြားက လယ်ကွင်းထဲမှာ ဆောက်ထားတာဖြစ်ပြီး စစ်တပ် လုံခြုံရေးလည်းချထားတာကြောင့် ခွင့်ပြုချက်မရှိဘဲ အပြင်ထွက်ခွင့်မရကြပါဘူး။

ရသေ့တောင်မြို့နယ် ဒေသခံတယောက်ကလည်း မုန်တိုင်းသတင်းတွေကြောင့် စိုးရိမ်ရပြီး ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ပြင်ဆင်ထားတာတွေရှိပါတယ်။ ဥပမာ အရေးပေါ်စာရွက်စာတမ်းတွေနဲ့ ရွှေငွေတွေကို သေချာသိမ်းဆည်းထားပါတယ်။ ကလေးကို အမြဲမိဘတွေနဲ့အတူ  ရှိဖို့ကြိုပြောပြီး ပြင်ဆင်ထားပါတယ်။ သစ်ပင်အောက်၊ ချောင်း၊ မြစ်၊ ပင်လယ်ကမ်းနားတွေမှာ မနေကြဖို့ သတိပေးထားပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းဟာ အနီရောင်အဆင့် အန္တရာယ်များတယ်လို့ ကြားသိကြရပြီး စိုးရိမ်နေကြတယ်လို့လည်း သူက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကလည်း သူနဲ့ မိတ်ဖက်အဖွဲ့တွေဟာ လူတွေ ဘေးကင်းလုံခြုံစေရေး အသိပညာပေးတာတွေ၊ အလေးပေး ပြင်ဆင်တာတွေကို မြေပြင်မှာ ဦးစားပေးဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

တကယ်လို့ လိုအပ်ချက်တွေများလာခဲ့ရင် အရေးပေါ်တုံ့ပြန်ကူညီတာတွေ မြန်မြန်လုပ်နိုင်ဖို့ အရန်အစီအစဉ်ကိုလည်း လျာထားတယ်လို့ဆိုပါတယ်။

အရေးပေါ်ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို အရန်သင့်ထားရှိထားပြီး အချိန်တိုအတွင်း ဖြန့်ဝေပေးနိုင်ဖို့ သက်ဆိုင်ရာဂိုဒေါင်တွေမှာ သိမ်းဆည်းထားသလို ရေယာဉ်များ၊ ကားတွေကိုလည်း လိုအပ်ရင် သုံးနိုင်အောင် အဆင့်သင့်ထားတယ်လို့ ဆိုပါတယ်။

မိုးလေဝသခန့်မှန်းသူတယောက်ဖြစ်တဲ့ မစုစုစံကတော့ မုန်တိုင်းဟာ အဖျက်စွမ်းအား အပြင်ထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တနာရီလေတိုက်ခတ်နှုန်း ၁၃၂ မိုင်၊ လေပြင်းတိုက်ချိန် မိုင် ၁၄၀ တိုက်ခတ်နေပြီး မုန်တိုင်းဗဟိုချက်နားမှာ ရေလှိုင်းအမြင့် ပေ ၅၀ ရှိတဲ့ CAT5 မုန်တိုင်းကြီးအဆင့်ကိုရောက်ရှိသွားပြီလို့ အခုမနက် ၉ နာရီမှာ တွက်ချက်ပြောဆိုထားပါတယ်။

မုန်တိုင်းအဖျားခတ်နိုင်တဲ့ သံတွဲမြို့မှာတော့ ပင်လယ်ကမ်းနားကျေးရွာတချို့ပဲ ပြောင်းရွှေ့ကြပြီး ငပလီကမ်းခြေမှာတော့ ပြောင်းရွှေ့တာမျိုးမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013