DVB Logo
Home
မြန်မာသတင်း
မုန်းမြို့နယ်၊ ညောင်ပင်သာရွာသား ၁၉ ဦးထက်မနည်းကို စစ်အုပ်စုမီးရှို့သတ်ဖြတ်
DVB
·
May 13, 2023
မုန်းမြို့နယ်၊ ညောင်ပင်သာရွာသား ၁၉ ဦးထက်မနည်းကို စစ်အုပ်စုမီးရှို့သတ်ဖြတ်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ထဲက ညောင်ပင်သာကျေးရွာသား ၁၉ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ကေအန်ယူဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်တွေဖြစ်တဲ့ တပ်မ - ၄၄ ၊ ခလရ - ၇၃ ၊ ခမရ - ၅၉၉ ၊ ခမရ - ၅၉၀ နဲ့ ခလရ - ၄၈ တို့ဟာ အဆိုပါ ကျေးရွာမှာ တပ်စုပြီး စစ်ရေးလှုပ်ရှားဖို့ရှိတာကြောင့် ပြီးခဲ့တဲ့ မေ ၁၀ ရက်မှာ ကျေးရွာအနားကို ရောက်ရှိလာပြီး ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ - ၃ လက်အောက်ခံ လုံခြုံရေး စစ်ကြောင်းတို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို ထိတွေ့ ပစ်ခတ်မှုမှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ဗိုလ်ကြီး ၁ ယောက်၊ ဒုဗိုလ် ၁ ယောက်၊ တပ်ကြပ်ကြီး ၁ ယောက်နဲ့ တပ်သား ၂ ယောက် သေဆုံးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ည ၈ နာရီလောက်မှာတော့ စစ်ကောင်စီ စုပေါင်းစစ်ကြောင်းဟာ ညောင်ပင်သာရွာထဲကို ဝင်ရောက်ပြီး မကြာခင်မှာပဲ ရွာထဲမှာ မီးတွေတောက်လောင်နေတာကို မြင်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီနောက် မေ ၁၁ ရက်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၃ လက်အောက်ခံ စစ်ကြောင်းက ညောင်ပင်သာရွာထဲကို ဝင်ရောက်ရှင်းလင်းခဲ့ချိန်မှာတော့ အပြစ်မဲ့ပြည်သူတွေဖြစ်ကြတဲ့ ညောင်ပင်သာရွာသားတွေကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့ သတ်ဖြတ်ထားတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မီးရှို့ သတ်ဖြတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၁၉ ယောက်ကိုသာ ကောက် ယူထားနိုင်သေးပြီး တခြားပျောက်ဆုံးနေသူတွေ ရှိနေသေးတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ အခုထိတိုင် ညောင်ပင်သာရွာ အနီးအနားမှာ ရှိနေသေးတဲ့အပြင် လက်ရှိအခြေအနေအရ အဆိုပါနေရာဟာ စစ်မြေပြင်သဖွယ်ရှိနေတဲ့ အတွက်ကြောင့် နယ်မြေခံ တာဝန်ရှိသူတွေအနေနဲ့ ပျောက်ဆုံးပြည်သူတွေရဲ့ စာရင်းကို လိုက်လံကောက်ယူနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ကေအန်ယူနယ်မြေအတွင်းမှာတော့ အခု ၂၀၂၃ ခုနှစ်၊ ပထမ ၄ လတာကာလတွေအတွင်း တိုက်ပွဲအကြိမ်ရေ ၁,၆၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၁,၇၀၀ ကျော် သေဆုံးကာ ၁,၁၈၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က သေဆုံးခဲ့သူတွေထဲ တပ်ရင်းမှူး ၅ ယောက်ထိ ပါဝင်နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၅၉ ယောက် ကျဆုံးခဲ့ကာ ၁၉၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကေအန်ယူနယ်မြေထဲမှာတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်း ပြီးချိန်ကတည်းက လက်ရှိအချိန်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်အောက်ခံ နယ်ခြား စောင့်တပ်တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူ ၄ သိန်းကျော် အသက်ဘေးလွတ် ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စာနပ်ရိက္ခာမလုံ လောက်မှု၊ နေရာထိုင်ခင်းအတွက် အမိုးအကာ မလုံလောက်မှု၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါး မလုံလောက်မှုပြသနာတွေနဲ့လည်း ရင်ဆိုင် ကြုံတွေ့နေကြရပြီး အရေးပေါ် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ကေအန်ယူဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြရာမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013