
မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဖွားစောကျေးရွာအုပ်စု၊ ပုဂံ-ညောင်ဦးကားလမ်းတလျှောက်မှာ ရေကျော်တက်နေပြီး ယာဉ်တွေ သွားလာရေး အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက် ၄ နာရီခန့်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖွားစောကျေးရွာအုပ်စုအတွင်းရှိ ပုဂံ-ညောင်ဦးကားလမ်းပိုင်းမှာ ရေကျော်တက်လာတာဖြစ်ပြီး လမ်းပေါ်မှာ ရေ ၅ ပေအထိ မြင့်တက်နေတယ်လို့ ဆိုပါတယ်။
ဒေသခံယာဉ်မောင်းတယောက်က “ရေက ကားမောင်းလို့မရတဲ့အထိ ကျော်တက်နေတာကြောင့် သွားလာရတာ အခက်အခဲရှိပါတယ်။ မိုးဆက်ရွာနေသေးရင် ရေထပ်တက်လာမှာကိုလည်း စိုးရိမ်ရပါတယ်” လို့ ပြောပါတယ်။
ပုဂံ-ညောင်ဦးကားလမ်းပေါ် ရေကျော်နေတဲ့အတွက် အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာမဲ့ မော်တော်ယာဉ်တွေအနေနဲ့ အထူးသတိပြု သွားလာမောင်းနှင်ကြဖို့ ဒေသခံတွေက တိုက်တွန်းထားပါတယ်။
ဒေသခံတယောက်က “ကားမောင်းလို့မရတော့ အလုပ်နားလိုက်ရပါတယ်။ လမ်းပေါ်မှာ ရေတွေကျော်နေတဲ့အတွက် ယာဉ်မောင်းတွေအနေနဲ့ သတိထားသွားလာစေချင်ပါတယ်။ မိုးဆက်ရွာနေမယ်ဆိုရင် ရေထပ်တက်လာနိုင်တာကြောင့် အခြေအနေကို စောင့်ကြည့်ပြီး သွားလာသင့်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက်အစောပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက်နဲ့ ကျော်စွာရပ်အတွင်းက နေအိမ်တွေထဲကို ရေဝင်ရောက်နေတာကြောင့် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ရေစုပ်ထုတ်ပေးနေရတယ်လို့ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေသားအိပျော့ကျပြီး နေအိမ်အုတ်တံတိုင်းခြံစည်းရိုး ပေ ၅၀ ခန့် ပြိုကျမှုလည်း ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ မိုးရွာသွန်းမှုနဲ့ ရေကြီးရေလျှံမှုအခြေအနေတွေကြောင့် ပုဂံ-ညောင်ဦးကားလမ်းကို ဖြတ်သန်းသွားလာမဲ့ ဒေသခံပြည်သူတွေနဲ့ ယာဉ်မောင်းတွေအနေနဲ့ သတိပြုသွားလာကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











