DVB Logo
Home
မြန်မာသတင်း
NUG ဝန်ကြီး ဩစတြေးလျနှင့် နယူးဇီလန်သို့သွားရောက်၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေးကြိုးပမ်း
DVB
·
May 12, 2023
NUG ဝန်ကြီး ဩစတြေးလျနှင့် နယူးဇီလန်သို့သွားရောက်၊ စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီတပ်ကို အရေးယူနိုင်ရေးကြိုးပမ်း
Donate to DVB

ဩစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံဆီ ခရီးထွက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ခရီးစဉ်အတွင်း သက်ဆိုင်ရာနိုင်ငံအတွင်းက တရားဥပဒေတွေကို အသုံးပြုပြီး စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့  ကြိုးစားဆောင်ရွက်သွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ 

NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံကို မေလ ၁၀ ရက်က စတင်ရောက်ရှိလာပြီး  မေလ ၁၁ ရက်နေ့မှာ သြစတြေးလျ လွှတ်တော်အတွင်း နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေနဲ့ ‌တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကော်မရှင်ကို ပူးတွဲတည်ထောင်သူ၊ သြစတြေးလျ လူ့အခွင့်အရေးဆိုင်ရာနှင့် ဥပဒေရေးရာပြုပြင်ပြောင်းလဲရေး မဟာမင်းကြီးဟောင်းလည်းဖြစ် လက်ရှိ ကုလသမဂ္ဂကော်မရှင်တခုရဲ့ မဟာမင်းကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ပါမောက္ခ ခရစ္စဆီဒေါ့တီကလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ သြစတြေးလျနိုင်ငံ ကိုယ်စားလှယ်ရုံးမှာ ပြည်ထောင်စုဝန်ကြီးကို လာရောက်တွေ့ဆုံကာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်နေတ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။ 

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဝန်ကြီး ဦးအောင်မျိုးမင်းက “ဒီခရီးစဉ်မှာ နှစ်နိုင်ငံ သွားပါမယ်။ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပိုတိုးတက်လာဖို့၊ စစ်ရေးအကူအညီ လုံးဝအထောက်အပံ့မပေးဖို့။ သူတို့နိုင်ငံတင်မကဘဲ သူတို့မဟာမိတ်နိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေကြားထဲမှာ ဒါနဲ့ပတ်သက်ပြီး ပိုမိုထိရောက်တဲ့လုပ်ဆောင်မှုတွေဖြစ်ဖို့ ကျနော်တို့ မျှော်လင့်တယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီနဲ့ပူးပေါင်းခြင်းမပြုဘဲ နယ်စပ်ဖြတ်ကျော်မှု၊ ဒါတွေကူညီပြီးတော့ ဖြစ်နိုင်တဲ့ ကြားထဲက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကြားထဲကို တကယ်ရောက်ရှိနိုင်ဖို့ ကူညီမှုတွေ ဖြစ်လာမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ဖြစ်လာဖို့လည်း ကျနော် ကြိုးစားပါမယ်။ တချိန်တည်းမှာ အခုချိန်မှာ အာဆီယံကို မျှော်လင့်မှုတွေ၊ တာဝန်ပေးမှုတွေ ရှိတယ်။ ဒါပေမဲ့ အာဆီယံ တခုတည်းနဲ့ လုပ်လို့မရတာ အားလုံး ထင်ထင်ရှားရှားပါ။ အာဆီယံနဲ့အနီးစပ်ဆုံး ပစိဖိတ်မှာရှိနေတဲ့ ဩစတြေးလျနိုင်ငံ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေနဲ့ သံတမန်ရေးအရ ရင်းနှီးမှုတွေ၊ ဆက်ဆံမှုတွေ ရှိနေတဲ့ ဒီနှစ်နိုင်ငံက သူတို့ရဲ့ အားကောင်းတဲ့ သံတမန်နည်းတွေကို အသုံးပြုပြီး အာဆီယံလည်း ဒီထက်ပိုရွေ့လာအောင်၊ အာဆီယံ တခုတည်းမကဘဲ ကမ္ဘာတခုလုံးကနေ ပူးပေါင်းပါဝင်တဲ့ အရေးယူဆောင်ရွက်မှုတွေ ဖြစ်လာမယ်။ သူတို့ကနေ ပူးပေါင်းဆောင်ရွက်မယ်။ လိုအပ်တဲ့နေရာမှာ ဦးဆောင်ပြီးလုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်”လို့ပြောပါတယ်။

NUG လူ့အခွင့်ရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ ဩစတြေးလျနိုင်ငံ ခရီးစဉ်အပြင် နယူးဇီလန်ကိုလည်း သွားရောက်မှာ ဖြစ်ပြီး နှစ်နိုင်ငံ ခရီးစဉ်အတွင်း Universal jurisdiction အရ နိုင်ငံအတွင်း တရားဥပဒေတွေအသုံးပြုပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်ကို အရေးယူနိုင်မယ့် လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာနိုင်ဖို့  ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ဦးအောင်မျိုးမင်းက “ဩစတြေးလျနိုင်ငံပြီးရင် နယူးဇီလန်ကို ကျနော် သွားပါမယ်။ ဒီနိုင်ငံတွေမှာ ပေါ်လစီတွေ ပြောင်းဖို့တင်မကဘဲ ရက်စက်ယုတ်မာစွာ ရာဇဝတ်မှု ကျူးလွန်တဲ့ အကြမ်းဖက် စစ်အုပ်စုကို Universal Jurisdiction လို့ခေါ်တဲ့ နိုင်ငံတွင်းရဲ့ တရားဥပဒေကို သုံးပြီးတော့ အရေးယူနိုင်တဲ့ လုပ်ငန်းစဉ်တခု နှစ်နိုင်ငံလုံးမှာ ပေါ်ထွက်လာဖို့ ဥပဒေပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ၊ အကြံပြုချက်တွေနဲ့ပတ်သက်ပြီး ပူးပေါင်းလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ဖို့ ဒီခရီးစဉ်ကို ကျင်းပတာ ဖြစ်ပါတယ်”လို့ပြောပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရဲ့ ဒီခရီးစဉ်အတွင်း သြစတြေးလျတက္ကသိုလ်တွေမှာ လူထုနှီးနှောဖလှယ်ပွဲတွေ ကျင်းပသွားဖို့လည်း ရှိနေပါတယ်။ 

လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်ကလည်း မြန်မာပြည်တွင်း လက်ရှိ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ ဘယ်လက်နက်ကိုင်အဖွဲ့ပဲ ဖြစ်ဖြစ် မှတ်တမ်းယူ စိစစ်စုံစမ်းနေပြီး မတရားခံခဲ့ရတဲ့ ပြည်သူတွေအတွက် တရားမျှတမှု ဖော်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။ 

“ဘယ်ဘက်ပဲဖြစ်ဖြစ် မတရားအသတ်ခံရတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းမဆိုရော၊ ပြည်သူ့ကာကွယ်ရေးတပ်တွေကိုလည်း ပြည်သူ့အစိုးရ NUG က Code of Conduct (ကျင့်ဝတ်စည်းကမ်း) ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာဖို့ အတိအကျ ပြောထားပါတယ်။ ဒီလိုမျိုး ကျူးလွန်မှုရှိခဲ့တယ်ဆိုရင် လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ တနေ့ တချိန် တရားမျှတမှု ပြန်လည်ဖော်ဆောင်ရာမှာ ဘယ်သူပဲဖြစ်ဖြစ် ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ပြန်လည်ဖော်ဆောင်ပေးဖို့ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ဒီလိုအခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်ဘက်ကပဲ ကျူးလွန် ကျူးလွန်၊ လူ့အခွင့်အရေးဝန်ကြီးဌာနက သက်သေအထောက်အထားနဲ့ တကွ သေချာမှတ်တမ်းတင်ပြုစုထားတယ်။”

၇ ရက်မနက်က   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေပေးအပ်ဖို့သွားတဲ့ အာဆီယံလူသားချင်းစာနာ မှုအကူအညီပေးရေး စင်တာ(AHA)ရဲ့ ယာဉ်တန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး  အာဆီယံအစည်းအဝေးမတိုင်ခင်  စစ်ကောင်စီက တမင်သက်သက် နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်က ပြောပါတယ်။

“ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေ၊ NUG ကနေဖွဲ့စည်းထားတဲ့ ခုခံကာကွယ်ရေးတပ် PDF တွေလုပ်တယ်ဆိုပြီး စွပ်စွဲတာ ကျနော်တို့ တွေ့ရတယ်။ EROs တဖွဲ့ဖွဲ့က လုပ်တာလားဆိုတဲ့ပုံစံမျိုး သူတို့ စွပ်စွဲနေတာတွေ တွေ့ရတယ်။ တစ်အချက် ဒီဧရိယာထဲက အခုဖြစ်ပွားသွားတဲ့ နေရာက NUG ရဲ့ PDF တွေ လှုပ်ရှားတဲ့နေရာလည်း မဟုတ်သလို၊ လက်ရှိ စစ်ကောင်စီနဲ့ တိုက်နေတဲ့ EROs အဖွဲ့တွေ လှုပ်ရှားနေတဲ့ ဧရိယာလည်း မဟုတ်ဘူး။ ဒါကြောင့် အခုဖြစ်ပွားတဲ့နေရာက စစ်ကောင်စီနဲ့ PNO လို့ခေါ်တဲ့ ပအို့ဝ်အမျိုးသားကာကွယ်ရေးတပ်က ထိန်းချုပ်ထားတဲ့ ဧရိယာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ စွပ်စွဲထားတွေနဲ့ပတ်သက်ပြီး ကျနော့်အနေနဲ့ ရှင်းရှင်းလင်းလင်း ပြောချင်တာက ကျနော်တို့ဘက်က လုပ်တာ လုံးဝမဟုတ်ဘူးလို့ ပြောပြချင်တယ်။ ဒါက စစ်ကောင်စီက တမင်သက်သက် အာဆီယံအစည်းအဝေးမတိုင်ခင်မှာ နိုင်ငံရေးအရ ထိုးနှက်ချက်တခုအနေနဲ့ လုပ်ကြံဖန်တီး စွပ်စွဲတာလို့ ပြောချင်ပါတယ်။”

ဒီယာဉ်တန်းမှာ စစ်ကောင်စီလက်အောက်ခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ  AHA Centre မှကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံနဲ့  စင်ကာပူနိုင်ငံသံရုံးတွေက ကိုယ်စားလှယ်တွေ လိုက်ပါလာတာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မော်တော်ယာဉ်တစ်စီးမှာ လက်နက်ငယ်ကျည်တချို့ထိမှန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013