DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းတွင် ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပစ်သတ်
DVB
·
May 12, 2023
သရက်ချောင်းတွင် ဖမ်းဝရမ်းထုတ်ခံထားရသူ အမျိုးသား ၁ ဦးကို စစ်တပ်က ဖမ်းဆီးပစ်သတ်
1 / 3
Donate to DVB

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ကျေးရွာက ဖမ်းဝရမ်းထုတ်ခံရတဲ့ အမျိုးသားတယောက်ကို  စစ်ကောင်စီတပ်က မေ ၁၁ ရက် ညနေပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

ပစ်သတ်ခံရသူဟာ အသက် ၄၀ ခန့်ရှိ ကိုတင်ရှိန်ဖြစ်ပြီး သူ့ရဲ့ဇနီးလောင်းဖြစ်သူနဲ့ ညောင်ဇင်ကျေးရွာမှာ မေ ၁၀ ရက် မနက်ပိုင်းက ဖမ်းဆီးခံခဲ့ရတာပါ။

ရွာခံလူငယ်တဦးကတော့ ကိုတင်ရှိန်ဟာ အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပြီး မင်္ဂလာဆောင်အတွက် စီစဥ်စရာရှိလို့ သွားရင်းကနေ ဖမ်းဆီးခံခဲ့ရတာလို့ ပြောပါတယ်။

“သူက PDF တွေနဲ့တွဲပြီး ဝရမ်းထုတ်ခံထားရတာ။ မင်္ဂလာဆောင်ကလည်း ရက်ပိုင်းအတွင်းမှာပဲ။ ပစ်သတ်တာကတော့ အိမ်ပြန်ခေါ်လာပြီးမှ ပစ်သတ်တာ။ မပစ်သတ်ခင်ကတည်းက ရိုက်ခံထားရလို့ လူက သွေးအန်နေပြီ။”

မေ ၁၀ ရက်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကိုတင်ရှိန်ကို ထားဝယ်မြို့ဆီ ခေါ်ဆောင်စစ်ဆေးပြီးမှ နောက်တရက် ညနေ ၅ နာရီလောက်မှာ နေအိမ်ကို ပြန်ခေါ်လာပြီး အိမ်ရှေ့မှာ ပစ်သတ်ခဲ့တာပါ။

ပစ်သတ်ခံရသည့် ကိုတင်ရှိန်

ကား ၃ စီးနဲ့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကိုတင်ရှိန်ကို ပစ်မသတ်ခင် သူ့မိသားစုဝင်တွေဆီက ပိုက်ဆံ သိန်း ၅၀ တောင်းခဲ့သေးတယ်လို့ သိရပါတယ်။

ရန်တောင်ရွာခံတဦးက “တောင်းတာက ကိုတင်ရှိန်အတွက်လား၊ သူ့ဇနီးလောင်းအတွက်လားဆိုတာ မသိရဘူး။ ပိုက်ဆံတော့ ပေးလိုက်ရတယ်” လို့ ပြောပါတယ်။

ကိုတင်ရှိန်ရဲ့ မိသားစုနဲ့ နီးစပ်တဲ့ တခြားရွာခံတဦးကတော့ စစ်ကောင်စီတပ်တွေဟာ နေအိမ်ထဲလည်း ထပ်မံဝင်ရောက်ရှာဖွေပြီး ပိုက်ဆံ သိန်း ၁၀၀ ကျော်နဲ့ ရွှေ ၁၆ ကျပ်သား ယူသွားတယ်လို့ ပြောပေမဲ့ ကာယကံရှင် မိသားစုဝင်တွေဆီကနေ အတည်ပြုချက် မရရှိသေးပါဘူး။

ထားဝယ်မြို့နဲ့ ၆ မိုင်လောက်သာဝေးပြီး ရန်တောင်ရွာနဲ့ ကပ်လျက်ရှိတဲ့ ညောင်ဇင်ကျေးရွာထဲကို မေ ၁၀ ရက် မနက် ၆ နာရီလောက်မှာ မြေသယ်ကားနှစ်စီး၊ ကားငယ်သုံးစီးနဲ့ ရောက်လာခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင် ၁၀၀ ခန့်ဟာ ကိုတင်ရှိန်တို့ ဇနီးမောင်နှံအပြင် အသက် ၂၅ နှစ်ဝန်းကျင် လူငယ်နှစ်ဦးနဲ့ အသက် ၆၀ ခန့်ရှိ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ နေအိမ်တွေထဲ ဝင်ရောက်ရှာဖွေပြီး ပိုက်ဆံနဲ့ ရွှေထည်တချို့ကိုလည်း ယူသွားတယ်လို့ ညောင်ဇင်ရွာခံ လူငယ်အမျိုးသားတဦးက ပြောပါတယ်။

“စဖမ်းတာက ၅၀ ကျော်တယ်။ တွေ့သမျှလူ ဖမ်းတာ။ အဲဒီလူတွေဆီကလည်း လက်ဝတ်လက်စားတွေ အကုန်ယူသွားတယ်။ အိမ်တွေထဲဝင်ရှာပြီး ယူသွားတာရောဆို သိန်း ၁,၀၀၀ ကျော်တယ်။ ကျနော့်အသိ အိမ်နှစ်အိမ်ကတောင် သိန်း ၅၀၀ ကျော်ဖိုးလောက် ပါသွားတာ။ ညနေ သူတို့ပြန်တော့ သူတို့ဖမ်းမယ့်စာရင်းထဲ ပါတဲ့သူတွေပဲ ခေါ်သွားတယ်။ ကျန်တဲ့ရွာခံတွေကိုတော့ ပြန်လွှတ်ခဲ့တယ်။”

ကိုတင်ရှိန်ရဲ့ ဇနီးလောင်း အပါအဝင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့သူတွေကတော့ ဒီကနေ့ မေ ၁၂ ရက်အထိ ပြန်မလွတ်လာသေးပါဘူး။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက် ညကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃၀ ကျော်ဟာ ညောင်ဇင်ကျေးရွာထဲက လူနေအိမ်တချို့ကို သေနတ်နဲ့ပစ်ခတ်ကာ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေခဲ့ပြီး ဖုန်း၊ ပိုက်ဆံနဲ့ ရွှေထည်တချို့ကို ယူဆောင်သွားခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013