
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်မှာ ပြီးခဲ့တဲ့အပတ်က ရေကြီးရေလျှံခဲ့လို့ လူ ၂၅ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ဩဂုတ် ၂ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အစောပိုင်းကထက် သေဆုံးသူဦးရေ မြင့်တက်လာခဲ့ပြီး လူ ၃၃ ယောက် ပျောက်နေပါတယ်။
စီချွမ်ပြည်နယ်ထဲမှာ လူ ၆ သောင်းခွဲကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရပြီး ရေကြီးရာသီအစမှာတင် ပြည်သူ ၈ သိန်း ၈ သောင်းလောက်ကို နေရာရွှေ့ပေးထားတယ်လို့ CCTV သတင်းဌာနက အစီရင်ခံပါတယ်။
တရုတ်နိုင်ငံက ပြည်နယ်အများအပြားမှာ မိုးသည်းလို့ ရေကြီးခဲ့ပြီး လမ်းတွေပျက်စီးတဲ့အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က သြဂုတ် ၁ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားနယ်စပ်နဲ့နီးတဲ့ ဟေလောင်ကျန်းပြည်နယ် မူဒန်းကျောင်းမြို့မှာ မိုးသည်းလို့ တောင်ပေါ်မှာ ရေကြီးခဲ့ပြီး ရထားလမ်း အစိတ်အပိုင်း အမြောက်အမြား ပျက်စီးခဲ့တာကို CCTV ရုပ်သံက ပြသခဲ့ပါတယ်။
ဟေလောင်ကျန်း၊ စီချွမ်၊ ရှန်းရှီးနဲ့ ဂန်စုပြည်နယ် တချို့ဒေသတွေမှာ တောင်ကျရေနဲ့ တောင်ပေါ် ရေကြီးမှု ဘေးအန္တရာယ်တွေအတွက် အနီရောင်သတိပေးချက်တရပ်ကို တရုတ်နိုင်ငံ ရေအရင်းအမြစ်ဝန်ကြီးဌာနနဲ့ တရုတ်မိုးလေဝသစီမံခန့်ခွဲရေးဌာနတို့က ဇူလိုင် ၃၁ ရက်မှာ ပူးတွဲထုတ်ပြန်ခဲ့ပါတယ်။










