DVB Logo
Home
မြန်မာသတင်း
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံ သောင်းချီ ထွက်ပြေးနေရ
DVB
·
May 12, 2023
ပခုက္ကူနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဒေသခံ သောင်းချီ ထွက်ပြေးနေရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှာ မေ ၁၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာရတယ်လို့  မြိုင်ပကဖ ကနေ သိရပါတယ်။

ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနားမှာ လမ်းကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေကို မနေ့မနက် ၈ နာရီလောက်မှာ ဒရုန်းနဲ့ ဗုံးသီး ၃ လုံးဖြုတ်ချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် တယောက် သေဆုံးပြီး စစ်သားတယောက် ဒဏ်ရာရတယ်တယ်လို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူအခြေစိုက် Black Cobra တပ်ဖွဲ့၊ သူရိန်တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပခုက္ကူမြို့နယ်မှာ မေ ၇ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ယောက်သေဆုံးကာ ၈ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မေ ၉ ရက်နဲ့ ၁၁ ရက်တွေမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး တယောက် သေဆုံးကာ ငါးယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တဲ့အပြင် ပျူစောထီး ရိက္ခာကားတစီးကို မိုင်းဆွဲမီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိုင်ပကဖ ကနေ သိရပါတယ်။

မြိုင်မြို့နယ် အိုရင်းရွာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မေ ၉ ရက် မနက် ၅ နာရီ လောက်မှာ မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၂၊ ဘီလူးငှက်တပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က လေးယောက် ငါးယောက်လောက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သရက်ကန် ပျူစောထီးစခန်း တောင်ဘက်နားကို ကင်းပုန်းလာဝပ်တဲ့ ပျူစောထီးတွေကို မေ ၁၁ ရက် မနက် ၇ နာရီခွဲလောက်မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ပျူစောထီး ကိုလတ် ပွဲချင်းပြီးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

အဲဒီနောက်မှာ သရက်ကန် ပျူစောထီးစခန်းကနေ ပခုက္ကူမြို့မှာ ရိက္ခာသယ်ဖို့ထွက်လာတဲ့ ကားတစီးကို သရက်ကန်နဲ့ တွင်းမရွာကြားမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ကားကတော့ ပျက်စီးရပ်တန့်သွားပြီး စစ်ကောင်စီဘက်က အများအပြား ဒဏ်ရာရရှိကာ အဲဒီကားကိုတော့ ကာကွယ်ရေးအဖွဲ့တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီပျူစောထီးတွေကို ဒရုန်းနဲ့ အီနာဂါဗုံးသီး ၅ လုံးဖြုတ်ချကာ ထပ်မံတိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ သေဆုံးသူရှိမရှိ ဆိုတာကိုတော့ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို KMDF၊ အလင်းတန်းပြောက်ကျားတပ်ဖွဲ့၊ ဘီလုံးငှက်တပ်ဖွဲ့၊ TYK တပ်ဖွဲ့၊ ဧရာအနောက်တပ်ဖွဲ့တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း၊ ရေစကြိုနဲ့ မြိုင်မြို့နယ်တွေမှာ စစ်တပ်က စစ်ကြောင်းထိုးလာလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရကာ ပြည်သူတချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁၁ ရက် မနက် ၂ နာရီကျော်လောက်မှာ ရေစကြိုမြို့နယ်ထဲကို စစ်ကြောင်းထိုးလာလို့ အညာတော၊ ဆတ်သွား၊ စလင်းကုန်း၊ စိုင်သေနဲ့ သံပြာချောင်း ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ စိုင်သေကျေးရွာ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

ကံပေါက်တို့ ကမ်းနီတို့ဘက်မှာ အဲဒီစစ်ကြောင်းက မနေ့ကတည်းက ရောက်နေပြီး မေ ၁၁ ရက် မနက် ၂ နာရီလောက်ကတည်းက အညာတောဘက်ကို ထွက်လာတော့ အညာတောကို ရောက်ပြီလို့ ကြားတာနဲ့  ၂ နာရီသာသာလောက်မှာ ထွက်ပြေးလာခဲ့ရတာလို့ ဆိုပါတယ်။

အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက အညာတောကတဆင့် စလင်းကုန်းရွာကို စစ်ကြောင်းထိုးနေပြီး အရင်ရက်တွေကလည်း ကမ်းနီ၊ ကံပေါက်နဲ့ ထနောင်းခလောက် ရွာတွေကို စစ်ကြောင်းထိုးခဲ့တယ်လို့ ပြောပါတယ်။

လတ်တလော စစ်ဘေးရှောင် အရေအတွက် ၂၀,၀၀၀ ကျော် ၃၀,၀၀၀ လောက်ရှိနေကာ မနက်ခင်းကပဲ ထွက်ပြေးလာတာဆိုတော့ ဖြစ်သလိုနေနေကြရပြီး အိမ်ကပါလာတာလေးတွေနဲ့ ချက်ပြုတ်စားသောက်နေကြတယ်လို့ ဆိုပါတယ်။

အညာတောရွာက ကလေးသူငယ်တွေ အပါအဝင် စစ်ဘေးရှောင် ၂၀ လောက် လိုက်ပါလာတဲ့ လိုက်ထရပ်ကားတစီးကို ဆတ်သွားရွာနားမှာ ဖမ်းမိတယ်လို့ သတင်းကြားပြီး ပြန်လွတ်လား မလွတ်ဘူးလား ဆိုတာတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013