DVB Logo
Home
မြန်မာသတင်း
ပုလဲနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
DVB
·
May 11, 2023
ပုလဲနှင့် ခင်ဦးမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရဲစခန်း တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ မေလ ၁၀ ရက် ညပိုင်းက ကန်ဒေါင့်နယ်မြေရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၁၀ ယောက်လောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး PDF ရဲဘော် ၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့-CGF ကနေ သိရပါတယ်။

CGF တာဝန်ခံ ဗိုလ်ဘကွန်းက “ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို မနေ့ မေလ ၁၀ ရက် ည ၈ နာရီ ၄၅ မိနစ်လောက်မှာ ကျနော်တို့ CGF၊ ချောက်မြို့နယ်ပကဖ အပါအဝင် ဒေသကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ အင်အားများများနဲ့ စီးနင်းတိုက်ခိုက်ခဲ့တာ” လို့ ပြောပါတယ်။

နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ည ၁၂ နာရီနီးပါးလောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“တိုက်တုန်းကတော့ ကျနော်တို့ မဟာမိတ်တွေ အင်အားများများနဲ့ တပ်ရင်းတွေ‌ေရာ၊ Local PDF တွေရော၊ ပကဖတွေရော ပေါင်းပြီး စခန်းသိမ်းဖို့ တိုက်ခိုက်ခဲ့ပေမဲ့ ကျနော်တို့ မသိမ်းနိုင်ခဲ့ဘူး။ ဘာလို့မသိမ်းနိုင်တာလဲဆိုတော့ ဝင်လမ်းကလည်း ကျဥ်းတယ်ဗျ။ ကန်ဒေါင့်ရဲစခန်းနားမှာ တိုက်ကြီးတွေရှိတယ်။ ဒီကောင်တွေက အဲဒီတိုက်ကြီး ၂ လုံးပေါ်ကနေ နေရာကို ကြိုယူထားပြီး အဲဒီအပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ကြတာ” လို့ ဗိုလ်ဘကွန်းက ပြောပါတယ်။

စခန်းသိမ်းခါနီးစဲစဲမှာ မသိမ်းနိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာလာချိန် ကာကွယ်ရေးရဲဘော်တွေနားကို လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲပြီး CGF ရဲဘော် ကျောက်ဆူးရဲ့ ဘယ်ဘက်ခြေထောက်မှာ ၄၀ မမ ကျည်ထိမှန်ဒဏ်ရာ ရရှိကာ မဟာမိတ်ရဲဘော် ၅ ယောက် ဒဏ်ရာရရှိပြီး ၁ ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့ ပြောပါတယ်။

အဲဒီကန်ဒေါင့်နယ်မြေရဲစခန်းကို အရင်ကလည်း ညီနောင်မဟာမိတ်တွေနဲ့ပူးပေါင်းပြီး ၂ ရက်ဆက်တိုက် ၂ ခါ သွားရောက်တိုက်ခိုက်ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။

ပုလဲမြို့နယ်မှာပဲ စစ်ကောင်စီတပ်စွဲထားတဲ့ ခြေကုပ်စခန်းတခုကို Chindwin Toe Na Yar PDF နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်က စစ်ကောင်စီအင်အား ၁၀၀ လောက်နဲ့ အခြေချ တပ်စွဲထားတဲ့ ခြေကုပ်စခန်းတခုကို မေ ၁၀ ရက် ညက စစ်ကောင်စီစခန်းရဲ့ မြောက်ဘက် မီတာ ၂၀၀ ခန့်ကနေ လက်နက်ကြီးတွေနဲ့ ကနဦး ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသေအပျောက် များနိုင်တယ်လို့ Chindwin Toe Na Yar PDF တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

“ကျနော်တို့ ည ၇ နာရီ ၄၅ လောက်ကစပြီး သွားတိုက်တာပါ။ အဓိကက‌တော့ ကန့်ထောက်ပြည်သူ့ကာကွယ်ရေးစခန်းကို တိုက်ဖို့ ပုလဲမြို့ပေါ်က စစ်ကူမလာနိုင်အောင် ကျနော်တို့က ဦးအောင်တိုက်တာပါ။ ကန့်ထောက်စခန်းကိုလည်း ဒီကောင်တွေ မသိမ်းလိုက်နိုင်ပါဘူး။ အတွင်းသတင်းအရတော့ ဒီကောင်တွေဆီက ၉ ယောက်လောက် သေတယ်ကြားပါတယ်။ ကျနော်တို့အနေနဲ့ လက်နက်ခဲယမ်းဝယ်ယူဖို့ တပ်ရန်ပုံငွေလည်း လိုအပ်နေလို့ ထောက်ပံ့ပေးစေလိုပါတယ်ဗျ။”

လက်နက်ကြီးပစ်ခတ်မှုအပြီးမှာ နှစ်ဖက် အပြန်အလှန် တိုက်ပွ​ဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၉ ယောက်ခန့် သေဆုံးနိုင်တယ်လို့ ပြောဆိုထားပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်ဆုတ်လာချိန်မှာတော့ လက်နက်ငယ်တွေနဲ့ ကျေးရွာတွေဘက်ကို ရမ်းသန်းပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုတွေကို Chindwin Toe Na Yar PDF၊ ကျောင်းသားသမဂ္ဂများအဖွဲ့၊ Real Hero၊ ပုလဲဂျော်ကာ၊ မုဆိုးလေး၊ သခင်ဒေါင်းညို တပ်ဖွဲ့တွေနဲ့ တခြား ညီနောင်မဟာမိတ် တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း Chindwin Toe Na Yar တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်တွေက ပုလဲမြို့၊ ဇီးဖြူကုန်း ပျူကျေးရွာကို သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးတာတွေ ရှိခဲ့ပါသေးတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မူးတိမ်ချောင်းတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ မေ ၁၀ ရက် နေ့လယ် ၁ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ သေနတ်တချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ခင်ဦး ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တပ်စွဲထားရာ နေရာကနေ  ခင်ဦး-ရေဦး ကားလမ်းပေါ် ရောက်ရှိလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ခင်ဦးဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“သူတို့ဘက်က ကျနော်တို့ပိုင်တဲ့ နယ်မြေဘက်ကို ကင်းပုန်းတိုးဝပ်တဲ့ သဘော ထင်တယ်ဗျ။ အဲဒါကို ကိုယ့်ဘက်က အရင်ကင်းပုန်းထားတာဆိုတော့ လက်ဦးမှုရယူပြီး ပစ်ခတ်နိုင်ခဲ့တာပါဗျ။ စစ်သား ၂ ယောက်ကတော့ နေရာတင် သေဆုံးသွားတယ်။ လက်နက်တွေလည်း ကျနော်တို့ဘက်က ရလိုက်တယ်။ အမျိုးအစားတွေကတော့ MA 1 ၁ လက်၊ AK 47 ၁ လက်၊ 5.56 ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၃ ဘောက် ရခဲ့တယ်။ ပစ္စည်းတွေကိုတော့ မြို့နယ်ပကဖအဖွဲ့က သိမ်းဆည်းသွားတယ်။”

ဒီနောက် မူးတိမ်ချောင်းတံတားက စစ်ကောင်စီတပ်သားတွေဟာ ဂွေးကုန်းရွာဘက်ကို အင်အားအလုံးအရင်းနဲ့ အလောင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုကို ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ နယ်မြေခံ ကာကွယ်ရေးအဖွဲ့ (LDF) တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၃ ရက်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ နယ်ထိန်းခေါင်းဆောင် ၁ ယောက်ကို ပစ်သတ်ခဲ့ပြီး G3 သေနတ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013