DVB Logo
Home
မြန်မာသတင်း
မုန်းမြို့အခြေစိုက် ခမရ ၅၉၉ အရာရှိအပါအဝင် ၁၁ ဦးကို PDF ဖမ်းဆီး
DVB
·
May 11, 2023
မုန်းမြို့အခြေစိုက် ခမရ ၅၉၉ အရာရှိအပါအဝင် ၁၁ ဦးကို PDF ဖမ်းဆီး
Donate to DVB

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက မုန်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ ၅၉၉ က အရာရှိနဲ့ တခြားအဆင့်တပ်သား စုစုပေါင်း ၁၁ ယောက်ကို ဒေသအခြေစိုက် PDF တပ်ဖွဲ့တွေက တပ်ထဲကို ဝင်ရောက်ဖမ်းဆီးပြီး ထွက်ပြေးဖို့ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတယောက်ကိုတော့ လမ်းမှာ ပစ်သတ်ခဲ့တယ်လို့  PDF တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မုန်းမြို့ဒေသခံတယောက်က“မေလ ၁၀ ရက်နေ့ ညနေ ၅ နာရီလောက်မှာ PDF က စစ်ကားတစီးနဲ့ ၅၉၉ တပ်က တပ်ရင်းမှူးကို ဝင်ဖမ်းသွားတာ။ တယောက်ကိုတော့ သာစည်ရွာထိပ်မှာ သတ်ပြီး ထားခဲ့တယ်။ အဲ့ဒီတပ်သားက ကားသမားလို့ ပြောတယ်။ ထွက်ပြေးလို့ ပစ်သတ်လိုက်တာတဲ့။ ပါသွားတဲ့အထဲမှာ တချို့ကတော့ ဒုရင်းမှူးလို့လည်း ပြောကြတယ်။ အဲ့ဒီ နှစ်ယောက်ထဲက တယောက်ပါသွားတာတော့ ကြိမ်းသေပဲ။ အခု မုန်းမှာ လမ်းပိတ်ထားတယ်။ ဖုန်းတွေလည်း ဆက်မရတော့ဘူး။ ဖုန်းလိုင်းတွေပါ ဖြတ်ထားတယ်။ ကော့ပြင်းရွာတို့၊ ရေအိုးစဥ်ရွာတို့ဆို ဘယ်သူမှ မနေရဲကြတော့ဘူး၊ အကုန်ထွက်ပြေးနေကြပြီ။ မုန်းမှာလည်း လူသိပ်မရှိကြတော့ဘူး။ သူတို့က မဲပြီး ပြည်သူတွေဘက်ကို လှည့်မှာ”လို့ပြောပါတယ်။

အဲဒီကိစ္စကို ဒေသခံ ပဲခူးတိုင်းအခြေစိုက် PDF အဖွဲ့တဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကားသမားကတော့ ထွက်ပြေးလို့ ပစ်သတ်လိုက်တယ်လို့ ပြောပါတယ်။

ဒေသခံ PDF တပ်ဖွဲ့ဝင်တယောက်က “အခုဖမ်းခေါ်လာတာက ဒုရင်းမှူးနဲ့အဖွဲ့လို့တော့ သိထားကြပါတယ်။ သူတို့ကတော့ တရားဝင် သတင်းမထုတ်ပြန်သေးပါဘူး။ ကျနော်တို့က နီးတော့ သိနေတာပါ။ ထပ်ပြီးသိရတာရှိရင်လည်း ပြောပါ့မယ်” လို့ အတည်ပြုပါတယ်။

ခမရ ၅၉၉ တပ်ဟာ မုန်းမြို့အရှေ့ဘက် ရေအိုးစဥ်ရွာအနီးမှာရှိပြီး မုန်းမြို့နဲ့ ပတ်ဝန်းကျင်ကရွာတွေကို မကြာခန ဝင်ရောက်ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ မကြာခန ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ရွာတွေမှာ မနေရဲကြဘဲ စစ်ဘေးရှောင်နေရပါတယ်။

အခုလို တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013