DVB Logo
Home
မြန်မာသတင်း
ပြည်ကြီးမဏ္ဍိုင်တွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊ မြိတ်-တနင်္သာရီကားလမ်းတွင် စစ်‌ကား ၂ စီး မိုင်းဆွဲခံရ
DVB
·
May 10, 2023
ပြည်ကြီးမဏ္ဍိုင်တွင် စစ်တပ်ဂိတ် တိုက်ခိုက်ခံရ၊  မြိတ်-တနင်္သာရီကားလမ်းတွင် စစ်‌ကား ၂ စီး မိုင်းဆွဲခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နယ်ခွဲ လေညာ-ဘန်ဂလား တံတားထိပ်က စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဂိတ်ကို မေ ၈ ရက် ည ၇ နာရီကျော်လောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ်-၁ တပ်ရင်းနဲ့ ဘုတ်ပြင်းမြို့နယ် Flying Star Force (ပကဖ) ပူးပေါင်းအဖွဲ့တို့က ဝင်ရောက်ပစ်ခတ်ခဲ့ရာက နှစ်ဖက် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရပြီး‌နောက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ အကြိမ်‌ရေများစွာ ပစ်ခဲ့ပြီး ည ၈ နာရီခွဲလောက်မှာ တိုက်ပွဲငြိမ်သက်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲက လေညာတံတားထိပ်မှာ ဖြစ်တာပါ။ PDF ဘက်က သေချာအကွက်ချပြီး သွားပစ်တာလို့ ထင်တယ်။ လက်နက်ကြီးတွေလည်း ညက ဆက်တိုက်ပစ်နေတာ။ ပြည်ကြီးမဏ္ဍိုင်က အရင်တည်းက ဒီဒေသမှာ လက်နက်ကြီးအမြဲကျနေကြပဲ။ ထိခိုက်တဲ့ လူတွေနဲ့‌ နေအိမ်တွေ ရှိမရှိတော့ မသိရသေးဘူး။”

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “လက်ရှိအချိန်ထိတော့ စစ်ရေးတင်းမာနေတုန်းပါ။ ဒီမနက် (မေ ၉ ရက်) မှာ သူတို့‌တွေ အင်အားထပ်တိုးထားတယ်။ သူတို့ဘက်က တပ်သားတွေ သေတဲ့သူတွေရှိတယ်။ အရေအတွက် အတိအကျတော့ ဆက်စုံစမ်းနေတုန်းပါ” လို့ ပြောပါတယ်။

စစ်ကောင်စီဂိတ် တိုက်ခိုက်ခံရပြီးနောက် ‌ဒီနေ့မနက်မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်သား အများအပြား အင်အားတိုးချဲ့လိုက်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက်ကလည်း ပြည်ကြီးမဏ္ဍိုင် စရဖရုံးနဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်း ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ နေအိမ်တို့ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ သတင်းပေးတဦး သေဆုံးကာ လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်ရှိ ဘန်းလမွတ်ကျေးရွာအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အတူပါလာတဲ့ ခရီးသည်ကား ၁ စီးကိုပါ မိုင်းစထိမှန်ကာ ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက် မွန်းတည့်က စစ်ကောင်စီကား ၂ စီးကနေပြီး ခရီးသည်ကား ၁ စီးကို အကာအကွယ်လုပ်ကာ တနင်္သာရီမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့အချိန် ဘန်းလမွတ်ရွာ အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

“စစ်ကားတွေ မြိတ်က‌နေ တက်လာတည်းက ဘယ်လမ်းကြောင်းမှာ ခရီးသည်ကားကို ခေါ်ဆောင်လာလဲမသိဘူး။ ရွာနားအရောက်မှာ ခရီးသည်ကားကို သတိမထားမိဘဲ မိုင်းခွဲလိုက်တာထင်တယ်။ အတူပါလာတဲ့ ခရီးသည်ကားပါ မိုင်းစထိမှန်သွားတယ်။”

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သား ထိခိုက်မှုရှိမရှိကိုတော့ မသိရသေးပေမဲ့ ခရီးသည်ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြိတ်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးဘက်ကနေ ထုတ်ပြန်ထားတာ မရှိသေးသလို ဘယ်အဖွဲ့အစည်းကနေ လုပ်ဆောင်ခဲ့တယ် ဆိုတာကိုလဲ အတိအကျ မသိရှိရသေးပါဘူး။

အဆိုပါ မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ကားလမ်းမတွေကို ဧပြီ ၂၉ ရက်က ပြည်သူ့ကာကွယ်ရေးဘက်ကနေ ပြန်လည်ဖွင့်ပေးခဲ့ပြီး စစ်ကောင်စီယာဉ်တန်းတွေနဲ့ အနီးကပ် မသွားလာဖို့လည်း သတိပေး ထုတ်ပြန်ထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အဆိုပါလမ်းပိုင်းကို ပိတ်ချလိုက်ပြီး စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြိတ်-မောတောင်ကားလမ်းမမှာ တိုက်ပွဲဖြစ်ပြီး ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုကနေ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013