DVB Logo
Home
မြန်မာသတင်း
မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပ၊ စည်းလုံးညီညွတ်မှုရှိကြရန် အင်ဒိုနီးရှားသမ္မတပြော
DVB
·
May 10, 2023
မြန်မာမပါသည့် အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပ၊ စည်းလုံးညီညွတ်မှုရှိကြရန် အင်ဒိုနီးရှားသမ္မတပြော
Donate to DVB

၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ပင်လယ်အပန်းဖြေစခန်းရှိရာ လာဘူအန်ဘာဂျိုမြို့မှာ မေလ ၁၀ ရက် ဒီကနေ့မနက် ကျင်းပရာမှာ အာဆီယံဒေသတွင်းနိုင်ငံတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်နေကြပေမဲ့ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ဖိတ်ကြားမခံရတဲ့အတွက် တက်ရောက်ခွင့်မရပါဘူး။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက အာဆီယံအဖွဲ့ဝင်တွေအကြား စည်းလုံးညီညွတ်မှုရှိတယ်ဆိုရင် ဒေသတွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့သူ ဖြစ်လာနိုင်တယ်လို့ ယုံကြည်ပြီး အာဆီယံဟာ စည်းလုံးညီညွတ်ဖို့ လိုအပ်တယ်လို့ ထိပ်သီးအစည်းအဝေးမှာ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။

အခုချိန်ဟာ ကမ္ဘာ့စီးပွားရေး အခြေအနေက အပြည့်အဝ နာလန်ပြန်မထူသေးကြောင်းနဲ့ ပြိုင်ဆိုင်မှုတွေက ပိုပြင်းထန်လာတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

“ကမ္ဘာကြီးရဲ့ ပြောင်းလဲတိုးတက်မှုက ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေဖြစ်လာပြီး အာဆီယံဟာ ဘေးကကြည့်နေသူ သက်သက်လား၊ အာဆီယံဟာ နှုတ်ပိတ် ငြိမ်ဆိတ်နေမှာလား၊ ဒါမှမဟုတ် အာဆီယံဟာ ငြိမ်းချမ်းရေး ဒါမှမဟုတ် တိုးတက်မှုရဲ့ မောင်းနှင်အား ဖြစ်လာနိုင်ပါ့မလားလို့ မေးခွန်းရှိနေတယ်။ စည်းလုံးညီညွတ်မှုဆိုတဲ့ အဓိကအချက်တချက်ရှိမှ အာဆီယံက လုပ်နိုင်မယ်လို့ အားလုံးက ယုံကြည်ကြပြီးတော့ စည်းလုံးညီညွတ်မှုနဲ့အတူ အာဆီယံဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်လိမ့်မယ်” လို့လည်း ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။

လာမယ့် ၂ ရက်အတွင်း အစုအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအကျပ်အတည်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးမယ်လို့ မျှော်မှန်းထားပြီး ရန်လိုမှုတွေ အဆုံးသတ်ရေးနဲ့ သက်ဆိုင်သူအားလုံး ပါဝင်ပတ်သက်နေတဲ့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းက သဘောတူထားတဲ့ “ငြိမ်းချမ်းရေးသဘောဆန္ဒ ၅ ရပ်” ကို အကောင်အထည်ဖော်ဖို့ စစ်အာဏာရှင်အုပ်စုကို တွန်းအားပေးဖို့လည်း မျှော်လင့်ထားပါတယ်။

တိုးတက်မှု မရပြီးမချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အာဆီယံထိပ်သီးအစည်းအဝေးအပါအဝင် အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့် မပြုဖို့ အာဆီယံက တားမြစ်ထားပါတယ်။

အခုနှစ်ရဲ့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားဟာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို စတင်နိုင်ဖို့ အာဏာသိမ်းစစ်တပ်အပြင်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ  တိတ်တဆိတ် လက်တွဲဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်မှာ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA) နဲ့ အာဆီယံ သံတမန်တချို့ လိုက်ပါလာတဲ့ယာဉ်တန်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချကြောင်းနဲ့ ဒီတိုက်ခိုက်မှုအတွက် ကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံခေါင်းဆောင်တွေက မေလ ၁၀ ရက် ဒီကနေ့ ကြေညာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013