
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ ရေတံခွန်အနီးမှာ မေ ၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ဦးရွှေမင်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသား ၃ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆဒုံးမြို့အဝင် အခွန်ကောက်ခံတဲ့ဂိတ်ကို စစ်ကောင်စီတပ်နဲ့ ဦးရွှေမင်း ပြည်သူ့စစ်တပ်ဖွဲ့က အိမ်စီးကားနဲ့ ရောက်ရှိလာပြီး ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ညနေ ၅ နာရီလောက်က အခွန်ဂိတ်ကို လာပစ်သွားတာ။ အိမ်စီးကားနဲ့ စစ်တပ်နဲ့ ဦးရွှေမင်းအဖွဲ့ ရောက်လာပြီး ပစ်ခတ်တာ။ ဂိတ်ထိုင်နေတဲ့ အမျိုးသားနှစ်ဦးနဲ့ ဈေးရောင်းနေတဲ့ အမျိုးသားတဦး သေတယ်။ တဦးက ခြေထောက်မှာ ဒဏ်ရာရသွားတယ်။”
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ အခွန်ကောက်ဂိတ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ခွင့်ပြုထားတဲ့ ဂိတ်တခုဖြစ်ပြီး သေဆုံးသူ အမျိုးသားတွေကတော့ KIA တပ်ဖွဲ့က ဟုတ်၊ မဟုတ် ဆိုတာ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့အတွက် ဦးမရန်ဂျာလီထွမ်ဂျာ၊ ဦးအားတီနဲ့ အမည်မသိ အမျိုးသားတဦး သေဆုံးခဲ့ပြီး ဦးလရော် ဆိုသူကတော့ ခြေထောက်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့တဲ့ အခွန်ဂိတ်ဟာ အာဏာသိမ်းမှုမဖြစ်ခင်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့ ပူးပေါင်းအခွန်ကောက်ခဲ့တဲ့ ဂိတ်တခုဖြစ်ပြီး အာဏာသိမ်းအပြီးမှာတော့ ကချင်လွတ်မြောက်ရေးတပ် (KIA) ခွင့်ပြုချက်နဲ့ လုပ်ငန်းရှင်တွေကို ပြန်လည်ချပေးထားတဲ့ အခွန်ကောက်ဂိတ်ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်၊ ဖားကန်မြို့မှာလည်း မေ ၉ ရက် မနက်က လက်နောက်ပြန် ကြိုးတုပ်ခံထားရပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးအလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မရှီကထောင် ကျေးရွာအုပ်စု၊ ရေအေးဂျောင်ရပ်ကွက်မှာ မျက်လုံးတိပ်စည်းပိတ်၊ လက်ပြန်ကြိုး တုပ်ခံထားရပြီး သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့အလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက် ၆ နာရီလောက်က တွေ့တာ။ မျက်လုံးကို တိပ်နဲ့ပိတ်၊ လက်ပြန်ကြိုးတုပ်ပြီး သေနတ်နဲ့ ပစ်သတ်ထားတာ။ သေတဲ့အမျိုးသားက ဘယ်သူဆိုတာ ခုထိမသိရသေးဘူး။ ဖားကန့်မှာ နေ့စဉ်နီးပါး အသတ်ခံရတဲ့ အလောင်းတွေ တွေ့နေရတယ်။”
အမျိုးသားရဲ့အလောင်းမှာ ဦးခေါင်း၊ ရင်ဘတ် ဓားဒဏ်ရာတွေနဲ့ ကျည်ဆန်ရာ တွေ့ရပြီး စစ်ကောင်စီက နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်တာလို့ ဒေသခံတွေကဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဖားကန့်မြို့နယ်မှာ အမည်မသိအမျိုးသားအလောင်း စွန့်ပစ်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး မေ ၁ ရက်က မရှီကထောင် တံတားအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦး အလောင်း၊ မေ ၅ ရက်က မြောက်ဖြူရွာအနီး ရိုက်နှက်ဒဏ်ရာ၊ ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၂၀ အရွယ် အမျိုးသားနှစ်ဦးအလောင်း၊ မေ ၆ ရက်က မှော်စီစာကျေးရွာအဝင်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားနှစ်ဦး အလောင်းတွေကို တွေ့ရှိခဲ့ပါတယ်။