DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်၊ ထန်းတောရွာကို စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၁၅ လုံးကျော်နှင့် ဆိုင်ကယ်အစီး ရာချီဆုံးရှုံး
DVB
·
May 9, 2023
ဆားလင်းကြီးတွင် တိုက်ပွဲဖြစ်၊ ထန်းတောရွာကို စစ်တပ်က မီးရှို့သဖြင့် နေအိမ် ၁၅ လုံးကျော်နှင့် ဆိုင်ကယ်အစီး ရာချီဆုံးရှုံး
1 / 6
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းနဲ့ National Revonary Guards - NRG (Salingyi) တပ်ဖွဲ့ အပါအဝင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

မေ ၈ ရက် မနက်အစောပိုင်းက စတင်ကာ မြိုင်မြို့ပေါ်က အင်အား ၁၅၀ ကျော်ပါ စစ်ကြောင်းက ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းစတင်ထိုးလာခဲ့တာဖြစ်ပြီး ညနေ ၃ နာရီခွဲလောက် ဆားလင်းကြီးနယ် အိုမထန်းတော ဇက်(​လှေဆိပ်)အရောက်မှာ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ National Revonary Guards-NRG (Salingyi) တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

“ပထမ ကျနော်တို့မဟာမိတ်တွေဘက်ကနေ မိုင်းအရင်ဆွဲတာ၊ ၃ ယောက် လေပေါ်ကို မြောက်တက်ပြီးတော့ကို သေတာဗျ။ အဲ့ဒါကြောင့် ဒေါသထွက်သွားတာလားမသိဘူး၊ ပြည်သူပိုင် စျေးဆိုင်တန်းတွေကို မီးရှို့တယ်။ အဲ့စျေးဆိုင်တွေမှာ အရင်က လူရှိတယ်။ ဒီကောင်တွေ စစ်ကြောင်းကို ကြောက်လို့ ရတာဆွဲပြေးရတော့တာပဲဗျာ။ ပြီးတော့ ဇက်ဆိပ်ကနေ မုံရွာဘက်ကမ်းကို ကူးဖို့ ဇက်တွေပေါ် ဒီကောင်တွေ တက်တဲ့အချိန် ကျနော်တို့ အရဲစွန့်ပြီး ဝင်တိုက်တာ ပွဲစတော့တာပါပဲ။ ဒီကောင်တွေ သေတာနဲ့ ဒဏ်ရာရတာကတော့ သေချာတဲ့ ဖရဲသီးသတင်းပါခင်ဗျ။ ကျနော်တို့ ပွဲတွေဆက်နေလို့ ကျည်ဖိုးတွေလည်း လိုအပ်နေပါတယ်ဗျ။”

အဆိုပါ ဇက်(လှေ)ပေါ်တက်နေဆဲ  စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ၄၀ မမ၊ လက်နက်ငယ်တွေနဲ့ မီတာ ၁၀၀ ခန့်ကနေ ပစ်ခတ်ခဲ့ရာမှ မိနစ် ၄၀ လောက်အထိ အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာထပ်မံရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံး၊ ဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ထားတာမျိုးတော့ မတွေ့ရသေးပါဘူး။

ဆားလင်းကြီးမြို့ခံ ဘုန်းကြီးတပါးက “မနေ့ နေ့လယ်ကတည်းက မိုင်းကွဲသံတွေ၊ စက်သေနတ်နဲ့ ပစ်ခတ်တာတွေ ကြားနေရတာ။ အဲ့နေရာတွေက စစ်တပ်စစ်ကြောင်းထိုးခဲ့တဲ့ နေရာတွေချည်းပါပဲ။ မနှစ်ကလည်း ဒီလိုအချိန်ပဲ ဦးဇင်းတို့နယ်ထဲက ဖိုလ်ဝင်တောင်အရှေ့ဘက်က လူငယ်လေးနှစ်ဦးကို ဖမ်းသွားပြီး တောင်အနောက်ဘက်ခြမ်းက မင်စုရွာဘက်မှ သတ်ပြီးထားပစ်ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကို National Revolutionary Guards-NRG (Salingyi)၊ Chindwin Dynamite၊ မျိုးဆက်သစ်လူငယ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတဦး ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီ အကြမ်းဖက်စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ဒေသခံပြည်သူ သောင်းဂဏန်းလောက် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဆားလင်းကြီးမြို့နယ်ထဲက ထန်တောရွာကို စစ်ကောင်စီတပ်က မေ ၈ ရက် ညနေ ၃ နာရီကျော်မှာ မီးရှို့တာကြောင့် လူနေအိမ် ၁၅ လုံးကျော်နဲ့ ဆိုင်ကယ်အစီး ၂၀၀ ကျော် မီးလောင်ဆုံးရှုံးသွားတယ်လို့ ထန်တောရွာ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်သားတွေဟာ အင်အား ၂၀၀ ကျော်နဲ့ စလင်းမြို့ကနေ ဆားခါးရွာ၊ ရေခါးရွာ၊ ဖောင်းကတာရွာကိုဖြတ်ပြီး ဝမ်ပေါင်ကုမ္ပဏီဝင်းအ‌တွင်း‌ ဝင်ရောက်ညအိပ်ကာ မေ ၈ ရက် မနက်မှာ ထန်တောရွာကို ဝင်ရောက်ယာယီတပ်စွဲကာ ချက်ပြုတ်စားသောက်ပြီး အခုလို မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

ထန်တောရွာသားတဦးက “အစပိုင်းကတော့ ရွာထဲမှာ ချက်ပြုတ်စားသောက်ပြီး မုံးရွာဘက်ပြန်ဖို့ရာ ဇက်ဆိပ်ကမ်းကို သွားတဲ့အချိန် မိုင်းပေါက်ကွဲအသံနှစ်ခု ကြားလိုက်တယ်။ ဘယ်ဘက်က ဖောက်ခွဲတယ် ဆိုတာတော့ အတိအကျမသိဘူး။ ကွဲတာက ညောင်ပင်ကြီးသစ်ကွင်းနဲ့ ချင်းတွင်းမြစ်ကမ်းဘေး ဇက်ဆိပ်အနီးအနားက ပေါက်ကွဲတာ။ အဲ့ပေါက်ကွဲသံကြားရပြီး သစ်ကွင်းဘေးအနီးက အိမ်တွေကို မီးရှို့တော့တာပဲ။ နောက်ပြီး ကျနော်တို့ဘက်က အလုပ်သမားတွေက မုံရွာဘက် အလုပ်သွားလုပ်တဲ့အခါ ဆိုင်ကယ်တွေကို မုံရွာဘက်ခြမ်းမယူဘဲ ဇက်ဆိပ်အနီးအနားမှာ အပ်ပြီး ထားခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့သွားတယ်။ အစီးအရေအတွက်က အတော်များမယ်။ ခန့်မှန်းခြေဆိုရင် ၂၀၀ အထက်မှာရှိမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်မီးရှို့တဲ့ ထန်တောရွာဟာ မုံရွာမြို့ရဲ့တဖက်ကမ်း ချင်းတွင်းမြစ်အနောက်ဘက်မှာ တည်ရှိတဲ့ ကျေးရွာဖြစ်သလို ညောင်ပင်ကြီး၊ ရွာရှည်၊ ထန်တော သုံးရွာစပ်တန်းရွာရှိတဲ့ ကျေးရွာတွေလည်းဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013