Home
ဆောင်းပါး
ရေပူရေအေး လိုရာပေး၍
DVB
·
May 9, 2023

မျက်မှောက်ခေတ်ကမ္ဘာတွင် နိုင်ငံတကာရေးရာကို လေ့လာကြည့်လျှင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် မိမိအကျိုးစီးပွား တိုးတက်ရေးကိုသာ ဂရုပြုကြိုးစားနေကြောင်း တွေ့ရသည်။ မည်သည့်ဝါဒကို တံဆိပ်ကပ်ထားသည် ဖြစ်စေ၊ အရင်းမူလ ရည်မှန်းချက်သည် အမျိုးသား အကျိုးစီးပွားကိုသာ အခြေပြု ဆောင်ရွက်ကြမည်ဖြစ်သည်။ ချမှတ်ကျင့်သုံးသည့် သက်ဆိုင်ရာ နိုင်ငံတော်မူဝါဒအရ နိုင်ငံတကာရေးရာများတွင် ပါ၀င်ဆောင်ရွက်ပုံ ကွဲပြားသည်မှအပ အကျိုးစီးပွားသည်သာ ပဓာန ဖြစ်ပေလိမ့်မည်။

ဤသည်မှာ အဆန်းတော့ မဟုတ်ပါချေ။ ထိုသို့ဆောင်ရွက်ခြင်းသည်ပင် လက်တွေ့နိုင်ငံရေး ဖြစ်တော့သည်။

ကမ္ဘာပေါ်တွင် ဖြစ်ခဲ့ကြသော၊ ဖြစ်နေဆဲဖြစ်သော နိုင်ငံရေးတိုက်ပွဲများ၊ စစ်ပွဲများသည် ကမ္ဘာ့နိုင်ငံကြီးများ၏ မဟာဗျူဟာ လိုအပ်ချက်အရသာ ဖြစ်နေကြခြင်း ဖြစ်သည်။ ကမ္ဘာ့အရေးအခင်းတိုင်းသည် အကျိုးစီးပွားနိုင်ငံရေး၏ လိုအပ်ချက်ဖြစ်ကြောင်း သက်သေခံလျက် ရှိသည်။ စစ်ပွဲတိုင်းသည်လည်း နိုင်ငံရေး၏ အဆက်ပင် ဖြစ်တော့၏။

နှစ် ၇၀ ကျော်ကြာနေသော မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပွဲများနှင့် ယခုကာလ မြန်မာပြည်သူတို့ ကြုံနေရသော အာဏာရှင် ခုခံတွန်းလှန်စစ်သည်လည်း အာဏာရှင်လက်ဝါးကြီးအုပ်သော စနစ်ဆိုးကို မကျေနပ်ခြင်းတည်းဟူသော နိုင်ငံရေးမကျေလည်မှုမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မလွှဲသာသော အခြေအနေများအရ သွေးထွက်သော နိုင်ငံရေးတည်းဟူသော စစ်ပွဲများဖြင့် အာဏာရှင်စစ်တပ်ကို ခုခံတွန်းလှန်နေရသော်လည်း ခုခံရေးသမားများအနေနှင့် နိုင်ငံရေးအသိ၊ နိုင်ငံရေးသတိ မလွတ်ကင်းအပ်ပေ။

အနီးဆုံး အိမ်နီးချင်းနိုင်ငံများ၏ ခုခံစစ်အပေါ် သဘောထားမှအစ ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ ခုခံစစ်အပေါ် သဘောထားအဆုံး နိုင်ငံအသီးသီး၏ နိုင်ငံရေးမူဝါဒများသည် မိမိတို့ ခုခံစစ်အပေါ် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ အကျိုးသက်ရောက်‌နေမည်ဖြစ်သည်။

၎င်းနိုင်ငံများသည်လည်း သူတို့အကျိုးစီးပွားကို အခြေခံပြီးသာ ဆုံးဖြတ်ဆောင်ရွက်ကြမည် ဖြစ်သည်။

မိမိတို့အနေနှင့်လည်း အိမ်နီးချင်း တရုတ်၊ အိန္ဒိယ စသောနိုင်ငံများ၏ မိမိတို့  ခုခံစစ်အပေါ် သဘောထားကို စဉ်ဆက်မပြတ်လေ့လာပြီး အခြေအနေနှင့်ကိုက်ညီအောင် တုံ့ပြန်ဆောင်ရွက်ကာ ဖိနှိပ်ခံပြည်သူများအကျိုး ဆောင်ရွက်နိုင်ရန်မှာ အလွန်အရေးကြီးလှပါသည်။

တရုတ်တို့သည် မြန်မာပြည်မကြီးနှင့် နယ်စပ်တလျှောက်ရှိ ၎င်းတို့အကျိုးစီးပွားအတွက် ချိန်ညှိဆောင်ရွက်သကဲ့သို့ အိန္ဒိယတို့သည် ကုလားတန်စီမံကိန်းမှ အစပြုသော ၎င်းတို့အကျိုးစီးပွားအတွက် ချိန်ညှိဆောင်ရွက်နေကြောင်း တွေ့ရသည်။ ချိန်ညှိဆောင်ရွက်ခြင်းဆိုရာ၌ ၎င်းတို့အကျိုးစီးပွားကို ဖျက်ဆီးနိုင်သော၊ ကာကွယ်နိုင်သော အင်အားရှိသူတိုင်းနှင့် အဆင်ပြေအောင် ပူးပေါင်းနေကြောင်း တွေ့ရသည်။

ဥပမာအနေနှင့် ကုလားတန်စီမံကိန်း တည်ရှိရာ မြန်မာပြည်အနောက်တောင်ပိုင်းဒေသ၏ နိုင်ငံရေး စစ်ရေး ပြောင်းလဲမှုများကို လေ့လာခြင်းဖြင့် တွေ့နိုင်သည်။ ထို့အပြင် ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်း၊ မြန်မာပြည်အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ဘက်နယ်စပ်တလျှောက် တရုတ်တို့ အကျိုးစီးပွားတည်ရှိရာ ကုမ္ပဏီများ၊ ကာစီနိုရုံများ တည်ရှိရာ ဒေသများရှိ နိုင်ငံရေးအခြေအနေများကို စောင့်ကြည့် တုံ့ပြန်နိုင်ရန် အလွန်အရေးကြီးလှပါသည်။

စစ်ပွဲအား မိမိနိုင်ငံရေးလိုအပ်ချက် ပြည့်မီအောင် အသုံးချနိုင်ခြင်းသည်သာ မဟာဗျူဟာ အောင်မြင်မှု ဖြစ်ပေ၏။

မိမိတို့ ခုခံစစ်ဆင်နွှဲနေကြသော ပြည်သူများသည်လည်း မိမိတို့အင်အားသည် မိမိတို့နိုင်ငံတွင်းရှိ နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားများကို ထိန်းချုပ်နိုင်ကြောင်း၊ လမ်းဖွင့်နိုင်ကြောင်း အများသိရှိနိုင်စေရန် ပါးနပ်လိမ္မာစွာ ကြိုးစားရမည်ဖြစ်သည်။ ထိုသို့ စွမ်းနိုင်သောအင်အား ရရှိအောင်လည်း တည်ဆောက်ယူသင့်၏။ ထိုသို့ဆောင်ရွက်ရာတွင် အနုနည်း၊ အကြမ်းနည်း နှစ်မျိုးလုံး ကျင့်သုံးရမည်ဖြစ်သည်။

မိမိတို့၏ ခုခံစစ်သည်ပင် သွေးထွက်သောနိုင်ငံရေးဖြစ်ရာ အကြမ်းနည်းသည်လည်း မဖြစ်မနေ သုံးရမည်ပင်ဖြစ်၏။ သို့သော် တိုက်ခိုက်မှုအင်အား၊ မီဒီယာအင်အားများကို အလွန်ပါးနပ်စွာဖြင့် စနစ်တကျ အသုံးချနိုင်ရမည် ဖြစ်၏။

ခုခံစစ်ဆင်နွှဲလျက်ရှိကြသော မြန်မာပြည်သူများအနေဖြင့် နိုင်ငံတွင်းရှိ နိုင်ငံခြားတိုင်းပြည်များ၏ အကျိုးစီးပွားနှင့် မိမိတို့ပြည်သူများ၏ အကျိုးစီးပွားကို ချိန်ညှိကိုင်တွယ်နိုင်ခြင်း၊ နိုင်ငံခြားဆက်ဆံရေးကဏ္ဍ ကြိုးစားမြှင့်တင်ရင်း ပြည်သူ့အင်အားကို တည်ဆောက်ယူနိုင်ခြင်း စသော အနု၊ အကြမ်း နည်းလမ်းစုံလင်စွာဖြင့် တိုက်ပွဲဝင်နိုင်အောင် ကြိုးစားသင့်ပေသည်။

သို့မှသာ အကျိုးစီးပွားအခြေခံသော လက်တွေ့နိုင်ငံရေးသမားတို့ကမ္ဘာ‌တွင် မိမိတို့ အဖိနှိပ်ခံပြည်သူများ၏ လိုလားချက်၊ နစ်နာချက်များကို ကမ္ဘာ့ပြည်သူတို့ သိရှိစေကာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်သစ်ဆီကို အောင်မြင်စွာ ချီတက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024