ထိုင်း-မြန်မာ-တရုတ် ၃ နိုင်ငံ နယ်စပ် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲဆောက်ရဲစခန်းမှာ မေ ၈ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့တယ်လို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ဒီဆွေးနွေးပွဲမှာ သက်ဆိုင်ရာနိုင်ငံတွေက နယ်စပ်တာဝန်ရှိသူတွေ တက်ရောက်ကြပြီး နယ်စပ်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ထိထိရောက်ရောက်ကိုင်တွယ်သွားဖို့ဆွေးနွေးခဲ့ကြပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
ထိုင်း-မြန်မာနယ်စပ်မှာ အွန်လိုင်းကနေတဆင့် အလုပ်ရမယ် ပြောဆိုကာ ငွေကြေးလိမ်လည်မှုတွေနဲ့အတူ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ ဒေသတွင်းနိုင်ငံတွေက နိုင်ငံသားတွေဟာ လူကုန်ကူးခံရမှုတွေ ဆက်တိုက်ရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က မြဝတီမြို့ အွန်လိုင်းဂိမ်းရုံတခုမှာ ရောင်းစားခံထားရတဲ့ အင်ဒိုနီးရှားနိုင်ငံသား အယောက် ၂၀ ကိုလည်း အင်ဒိုနီးရှားသံရုံး၊ ထိုင်းအစိုးရ၊ မြန်မာစစ်ကောင်စီတို့က ပူးပေါင်းကယ်ထုတ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ကျဆင်း အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေ အများအပြား နီးစပ်ရာအိမ်နီးချင်းနိုင်ငံတွေကို အလုပ်သွားလုပ်ဖို့ ကြိုးပမ်းရာမှာ လူကုန်ကူးခံရမှုတွေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ် ။
source - Tak Immigration