DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် မုန်တိုင်းဘေးအတွက် မီးသတ်နှင့် ကယ်ဆယ်ရေးအသင်းများ အသင့်ပြင်ဆင်
DVB
·
May 9, 2023
ရန်ကုန်တွင် မုန်တိုင်းဘေးအတွက် မီးသတ်နှင့် ကယ်ဆယ်ရေးအသင်းများ အသင့်ပြင်ဆင်
Donate to DVB

မုန်တိုင်းတိုက်ခတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းသတင်းတွေကြောင့် ရန်ကုန်မြို့က မီးသတ်ဌာနတချို့နဲ့ အရပ်ဘက်ကယ်ဆယ်ရေးအသင်းတွေက မုန်တိုင်းဘေးအတွက် သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကြိုတင်ပြင်ဆင်နေကြပါတယ်။

ရန်ကင်းမြို့နယ်အ‌ခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “ဘာတွေ အများဆုံးကြုံနိုင်သလဲဆိုတော့ အမိုးလန်တာ၊ အိမ်ပြိုတာ၊ လမ်းပိတ်ဆို့တာတွေ ကတော့ ကြုံရမှာပါ။ မနှစ်က မုန်တိုင်းမဟုတ်တဲ့ မိုးတွင်းမှာတောင် သစ်ပင်လဲတာတွေ တော်တော်များတယ်။ ရှိတဲ့ပစ္စည်းနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုပြင်ဆင်ထားရတာပေါ့၊ ညဘက်လိုမျိုးဆို emergency light လိုတယ်၊ လွှစက်၊ ချိန်းဆော၊ ပုဆိန်၊ ဓား၊ ကြိုး၊ ဓာတ်မီး လိုတယ်၊ နောက် အရေးပေါ်အတွက်ဆို ဆေးအိတ်လိုအပ်ပါတယ်။”

ရန်ကုန်မြို့က အထပ်မြင့်တိုက်နည်းပြီး လုံးချင်းအိမ်များတဲ့ မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာစတဲ့မြို့နယ်တွေမှာ အိမ်၊ လမ်းမနဲ့ ဓာတ်ကြိုးတွေပေါ် သစ်ပင်ပြိုလဲတာတွေနဲ့ ဓာတ်တိုင်လဲတာတွေ အဖြစ်များပြီး ရန်ကင်း၊ တောင်ဥက္ကလာ၊ တာမွေ၊ စမ်းချောင်း၊ ဗဟန်းနဲ့ မြို့တွင်း ၆ မြို့နယ်တွေမှာ အထပ်မြင့်တိုက်များတဲ့အတွက် တိုက်ပြိုတာ၊ အမိုးလန်တာတွေနဲ့ ရေပြတ်လပ်တာတွေ အဖြစ်များနိုင်တယ်လို့ သိရပါတယ်။

အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက “ကယ်ဆယ်ရေးပစ္စည်းတွေ အသင့်အနေအထား စု‌ဆောင်းထားပါတယ်။ လူတွေရော၊ ယာဉ်တွေရော ထွက်ပြီးတော့ ကူညီနိုင်အောင်ပါ။ သစ်ပင်ဖြတ်တဲ့ စက်တွေနဲ့ တပ်ဖွဲ့ဝင်တွေမှာ ရှိတဲ့ လွှ၊ ပုဆိန်၊ ကြိုးတွေကိုတော့ တယောက်ချင်းစီ အသင့်ပြင်ခိုင်းထားပါတယ်။ အကူအညီ တောင်းလာခဲ့ရင်တော့ နေရာမရွေးသွားဖို့ စီစဉ်ထားပါတယ်။ လက်ရှိက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း စက်အင်အားရော၊ လူအင်အားရော တော်တော်လေးကောင်းပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်၊ အင်းစိန်မြို့နယ်မှာတော့ အင်းစိန်ခရိုင်မီးသတ်တပ်ဖွဲ့၊ အရပ်ဘက်အဖွဲ့ ၅ ဖွဲ့နဲ့ စစ်ကောင်စီ စီမံအုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့တို့က နေရာတခုကို စုရပ်အဖြစ် သတ်မှတ်ထားပြီး အသင်းတခုကို အယောက် ၂၀ နှုန်းနဲ့ မုန်တိုင်းကယ်ဆယ်ရေးအဖွဲ့ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

အင်းစိန်မြို့နယ်အခြေစိုက် ကယ်ဆယ်ရေးအသင်း တာဝန်ခံက “မြို့နယ်စီမံအဖွဲ့ရယ်၊ အသင်း ၅ သင်းက တသင်း ၂၀ နှုန်းဖွဲ့ပြီး စုရပ်တနေရာ ပြင်ဆင်ထားပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေလည်း စုဆောင်းထားပါတယ်။ လွှစက်တို့၊ ကြိုးတို့၊ အရေးပေါ်လှေနဲ့ အသက်ကယ်ဘောကွင်းတို့ ပါပါတယ်။ ရေပြတ်တောက်တဲ့အခါကျရင် ပေးဖို့ ရေဘောက်ဆာကား ၃ စီးနဲ့ လျှပ်စစ်ပြတ်တောက်ရင် ရေတင်ပေးဖို့ကအစ မီးစက်တို့ပါ ပြင်ဆင်ထားပါတယ်” လို့ ပြောပါတယ်။

မုန်တိုင်းမဝင်လာခင်နဲ့ ဝင်လာပြီး အခြေအနေတွေမှာ လိုက်နာသင့်တဲ့ အချက်အလက်တွေကို စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့မနက်တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်ပေါ်နေပြီး နောက် ၁၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကာ မေလ ၁၀ ရက်နေ့မှာ ဆိုင်ကလုန်း မုန်တိုင်းအဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်အထိတော့ မုန်တိုင်းအဆင့်ထိမရောက်သေဘဲ လေဖိအားနည်းရပ်ဝန်းအဆင့်သာ ရှိနေသေးပြီး မုန်တိုင်းဖြစ်လာပါက  ရခိုင်ကမ်းရိုးတမ်းကို တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းတာရှိသလို ဧရာဝတီမြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်ဘက်ကို တိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ အဖွဲ့အစည်းတွေက လမ်းကြောင်း၂ ခု ခန့်မှန်းထားတာကို တွေ့ရပါတယ်။

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီနဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ် စတဲ့ဒေသတွေမှာ လေပြင်းတိုက်ခတ်မှု၊ မိုးကြီးရေကြီးခြင်းနဲ့ မြေပြိုမှုတွေ ပိုမိုဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013