DVB Logo
Home
မြန်မာသတင်း
စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဆားလင်းကြီးဒေသခံ ၃,ဝဝဝ ကျော် ထပ်မံစစ်ရှောင်နေရ
DVB
·
May 8, 2023
စစ်တပ်စစ်ကြောင်းထိုးသဖြင့် ဆားလင်းကြီးဒေသခံ ၃,ဝဝဝ ကျော် ထပ်မံစစ်ရှောင်နေရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီက အင်အား ၂ဝဝ ခန့်နဲ့ မြေပြင်စစ်ကြောင်းတွေ ထိုးနေတဲ့အတွက် ဒေသခံပြည်သူ ၃,ဝဝဝ ကျော် ထပ်မံထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၈ ရက် ဒီနေ့မနက်အစောပိုင်းမှာ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး မြိုင်မြို့ကနေလာတဲ့ စစ်ကြောင်းဖြစ်ကာ ဆားလင်းကြီးမြို့ပေါ်မှာ ညအိပ်ပြီး ဒီမနက်မှာ ဆားလင်းကြီးမြို့ထဲကို ပုသိမ်-မုံရွာ လမ်းအတိုင်း စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဆားလင်းကြီးမြို့မှ အမည်မဖော်လိုသူ ရဟန်းတပါးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်သားအင်အား ၂၀၀ နဲ့ မြိုင်မြို့ကနေ ဆားလင်းကြီးမြို့ပေါ် ညအိပ်၊ ဒီနေ့မနက် ပုသိမ်-မုံရွာလမ်းအတိုင်း ဝင်လာတာပါပဲ။ လောလောဆယ်တော့ ညောင်ပင်ကြီးကျေးရွာမှာ နားနေကြတယ်။ ဦးဇင်းတို့ရွာဘက်ကိုတော့ စစ်ကြောင်းထိုးတာက ‌၈ ကြိမ်ရှိပြီ။ ဆားလင်းကြီးမြို့နယ်ထဲမှာဆို ၁၅ ကြိမ်နီးပါးပဲ စစ်ကြောင်းထိုးနေတာ။ ပြည်သူတွေ ထပ်ပြီးပြေးရပြီ။”

National Revolutionary Guards - NRG (Salingyi) တပ်ဖွဲ့မှ ဗိုလ်သူရိန်က “၆ ရက်နေ့က မြိုင်နယ်ကနေ ထိုးလာတဲ့ စစ်ကြောင်းပါ။ မြိုင်ကနေ ရေစကြို၊ အဲ့ကနေမှ စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ်ထဲက လင်းစားကျက်၊ ဘုတ်စုရွာကို တညအိပ်ပြီး ဆားလင်းကြီးမြို့ကို မနက်စောစော ထိုးလာတယ်။ ဆားလင်းကြီးကို တညအိပ်ပြီး ဒီမနက်မှာ ဆားလင်းကြီးမြောက်ဘက်ကို ဆက်ထိုးနေရာ ခုလက်ရှိ ဆားလင်းကြီးမြို့နယ် ထန်းတော အိုမရွာမှာ ရောက်ရှိနေပါတယ်။ စစ်ရေးအရတော့ တင်းမာလျက်ပါပဲဗျ။ ဒီကောင်တွေ တခုလုပ်တာနဲ့ ကျနော်တို့လည်း တိုက်မှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာ အကြမ်းဖက် စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီိစစ်ကြောင်းက ညောင်ပင်ကြီးကျေးရွာ၊ ညောင်ပင်ကြီးရဲစခန်းမှာ စခန်းချထားပြီး ဝမ်ပေါင်ကြက်ခြံဘက်ကို သွားဖို့ အလားအလာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမည်မဖော်လိုသူ ရဟန်းတပါးက “မနှစ် ၅ လပိုင်းလောက်ကတည်းက ပထမဆုံး စစ်ကြောင်းထိုးပြီး ဖိုလ်ဝင်တောင်အရှေ့ဘက်မှာ လူငယ်နှစ်ယောက်ကို ဖမ်းသွားပြီး တောင်အနောက်ဘက်က မင်စုရွာအနားမှာ နှစ်ယောက်စလုံးကို သတ်ထားခဲ့တယ်လေ။ အခုစစ်ကြောင်းက ဝမ်ပေါင်ဘက်သွားမယ်လို့တော့ ယူဆရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်ကစတင်ကာ ဆားလင်းကြီးမြို့ထဲကို စစ်ကြောင်းထိုးခဲ့တဲ့အတွက် အခုတကြိမ်နဲ့ပါဆိုရင် ဒေသခံပြည်သူ သောင်းဂဏန်းအထိ စစ်ဘေးရှောင်နေရပြီး အဆိုပါ စစ်ကောင်စီစစ်ကြောင်းတွေက ရွာတွေကို ကွင်းသွားတဲ့ စစ်ကြောင်းရှိသလို မီးရှို့သွားတဲ့ စစ်ကြောင်းတွေလည်း ရှိပြီး စစ်အုပ်ချုပ်ရေးဒေသဖြစ်တဲ့အတွက် ဖမ်းဆီးရမိတဲ့ လူငယ်တွေကို ပစ်သတ်ထားခဲ့တာနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ပစ္စည်းတွေ ယူဆောင်သွားတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013