
ရန်ကုန်မှာ နေထိုင်ပြီး မိတ္ထီလာမြို့ကို ရောက်နေတဲ့ တေးရေးဆရာ စောပါဗလုနဲ့ မိသားစုကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် အခုအထိ အဆက်အသွယ် မရသေးဘူးလို့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
စောပါဗလုနဲ့အတူ ဇနီးဖြစ်သူ နော်ဖော်ဆဲနဲ့ မသန်စွမ်း သမီး ၁ ဦးအပါအဝင် ကလေး ၃ ဦးကို မေ ၁ ရက် မိတ္ထီလာမြို့ နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဆွေမျိုးတော်စပ်သူက "မေလ ၁ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ အရပ်သားစီးတဲ့ကားနဲ့ လက်နက်ကိုင် အရပ်၀တ် ၁၀ ယောက်လောက်က စောပါဗလုကို စစ်ဆေးမေးမြန်းစရာ ရှိတယ်လို့ဆိုပြီး ပထမလာခေါ်သွားတာ။ ပြီးတော့မှ သူ့မိန်းမနဲ့ သမီးလေး ၃ ယောက်ကို ထပ်လာခေါ်သွားတာ။ နောက်တနေ့ကျတော့ စောပါဗလုရဲ့ ဇနီး နော်ဖောဆဲက အရပ်၀တ် အစောင့်နှစ်ဦးနဲ့ အိမ်ပြန်ရောက်လာပြီး လက်ကိုင်ဖုန်းတစ်လုံးနဲ့ ကလေးအ၀တ်အစားတွေ ကိုလာ ယူတယ်။ အိမ်က သူ့အမေက ခလေးတွေကောလို့ မေးတာတောင် မဖြေရဲဘူး။ ပြီးတော့ အဲ့ဒီအစောင့်တွေနဲ့ ပြန်ပါသွားတယ်"လို့ ဆိုပါတယ်။
အသက် ၄၀ ရှိ စောပါဗလုဟာ တေးရေးဆရာတစ်ဦးဖြစ်ပြီး အရင်က ရန်ကုန်မြို့မှာနေထိုင်ရင်း မိတ္ထီလာမြို့ကို ကျန်းမာရေးမကောင်းတဲ့ ယောက္ခမ ၂ ဦးကို ဆေးကုသပေးဖို့ ရောက်နေချိန် ဖမ်းခံရတာ ဖြစ်ပါတယ်၊
ဖမ်းဆီးခံပြီးနောက်တရက်မှာ အဖွားဖြစ်သူက မိတ္ထီလာရဲစခန်းကို သွားရောက်စုံစမ်းရာ စခန်းမှူးက သူတို့ဆီမှာ မရှိကြောင်းနဲ့ သူတို့မသိကြောင်း ပြောကြားပြီး တပ်မ ၉၉ နဲ့ စရဖ က ခေါ်သွားတာ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
တဖန် မေ ၅ ရက်မှာတော့ ခြေတဖက်ဖြတ်ထားတဲ့ အဘိုးဖြစ်သူက စရဖရုံးကို သွားရောက်မေးမြန်းခဲ့ပေမဲ့ ရုံးထဲ ဝင်ခွင့် မရခဲ့ဘူးလို့ သိရပါတယ်။