DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူ ထောက်ရှာအိုင်ရွာသားများကို စစ်တပ်ကဖမ်းဆီးပြီး နေအိမ်မီးရှို့၊ ဆားတောင်ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
DVB
·
May 8, 2023
ကန့်ဘလူ ထောက်ရှာအိုင်ရွာသားများကို စစ်တပ်ကဖမ်းဆီးပြီး နေအိမ်မီးရှို့၊ ဆားတောင်ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထောက်ရှာအိုင်ရွာကို စစ်ကောင်စီ ၃၆၁ ခြေမြန်တပ်ရင်းက မေ  ၇ ရက် မနက်  ၇ နာရီလောက်မှာ ဝင်ရောက်ကာ ပြည်သူ ၁၅ ဦးလောက်အား ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာသားတွေကတော့ သူတို့လာတယ်ဆိုရင် ပြေးရတာပေါ့။ ထွက်ပြေးရင်း ကျနော်တို့ရွာသား ၁၅ ဦးလောက် (-) အဆွဲခံလိုက်ရတယ်။ နောက်ပြီး ရွာထဲက အိမ်တွေကို တအိမ်တက်ဆင်းလိုက်ရှာတယ်။ မနက်ခင်း ၇ နာရီလောက်ရောက်တော့ ရွာကို မီးရှို့တယ်။ ၈ နာရီကျော်တော့ ရွာထဲကနေ ပြန်ထွက်သွားတယ်ဗျ။ အခုတော့ ရွာထဲ ပြန်ဝင်ပြီး  မီးငြှိမ်းသတ်နေရတယ်။ အိမ်အလုံးအရေကတော့ ၅၀ ကျော်လောက် မီးလောင်ဆုံးရှုံးသွားတယ်။ ဖမ်းသွားတဲ့ ရွာသားတွေကတော့ တယောက်မှ မလွတ်ပေးသေးဘူး” လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။

မြေပြင်မှာတိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က ရွာကို အကြောင်းမဲ့မီးရှို့တာဖြစ်ပြီး မီးရှို့ရတဲ့အကြောင်းအရင်းကတော့ မဲပေးကာလတုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဘက် အများစုမဲပေးခဲ့တဲ့ ရွာဖြစ်တာကြောင့် အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံရွာသားအများစုက ပြောဆိုနေကြပါတယ်။

စစ်ကောင်စီက ကန့်ဘလူသကြားစက်အတွင်းမှာ ယာယီအထိုင်ချပြီး ထောက်ရှာအိုင်ရွာကို ပစ်ခတ်ဝင်ရောက်မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ရဲစခန်းကို ပြည်သူကာကွယ်ရေးအဖွဲ့တွေက မေ ၅ ရက် မနက် ၁၁ နာရီခွဲလောက် ဒရုန်းအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံခရိုင်တပ်ရင်း ၇ က ထုတ်ပြန်ထားပါတယ်။

ဒရုန်းအသုံးပြု ဗုံးသီးချတိုက်ခိုက်ရာမှာ ဗုံးသီး ၄ လုံးတွဲတတွဲနဲ့ တိုက်ခိုက်ခဲ့တာလိုလည်း  တိုက်ခိုက်ရာမှာ ပါဝင်သူတွေက ပြောပါတယ်။

“သူတို့စခန်းကို သန်းရှင်းရေးလုပ်နေတဲ့အချိန် ကျနော်တို့ ဒရုန်းနဲ့ဗုံးသီးသွားချခဲ့တာဗျ။ ၃ ကောင်ကတော့ နေရာတင်သေတယ်။ ၄ ကောင်ကတော့ ဒဏ်ရာပြင်းထန်ရတယ်လို့ ဖရဲသီးစီကနေ သတင်းအတိအကျ ရထားတယ်ဗျ။ သေတဲ့အထဲ အရာရှိတကောင်ပါတယ်လို့လည်း သိထားရတယ်” လို့ မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်းမှူး ကိုသက်ကြီးက ပြောပါတယ်။

အခုတိုက်ပွဲကို ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ တပ်ရင်း(၇)မြင်းခြံခရိုင်၊ နဂါးနီတပ်ရင်း၊ တပ်ရင်း(၁)ကျောက်ဆည်ခရိုင်နဲ့ ဆားတောင်မိုးကြိုး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013