
ထိုင်းနိုင်ငံမှာ ဥပဒေချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးမဲ့ ဥပဒေမူကြမ်းကို ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ဩဂုတ် ၂၆ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန် လိုက်ပြီး ဩဂုတ် ၂၈ ရက် ဒီနေ့စတင်သက်ဝင်ကျင့်သုံးသွားမယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ် ။
အဆိုပါပြန်တမ်းမှာ ထိုင်းနိုင်ငံအနေနဲ့ မိမိနိုင်ငံတွင်းကို ရိုးသားစွာ ဝင်ရောက်လာပြီး လည်ပတ်၊ တည်းခိုနေထိုင်၊ အလုပ်လုပ်၊ စီးပွားရေးလုပ်ကိုင်ပြီး ဥပဒေကို လေးစားစွာလိုက်နာတဲ့၊ တည်ငြိမ်းအေးချမ်းမှုကို ထိန်းသိမ်းတဲ့၊ အကျင့်သီလကောင်းမွန်တဲ့ နိုင်ငံခြားသားတွေကို ကြိုဆိုတဲ့ မူဝါဒတွေ ရှိပါတယ်။
ဒါပေမဲ့ နိုင်ငံခြားသားအချို့ဟာ ဥပဒေနဲ့အညီ တရားဝင် ဝင်ရောက်လာပေမဲ့ မိမိကိုယ်ကျိုးအတွက် ဥပဒေကို မလိုက်နာတာ၊ ချိုးဖောက်တာ၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ဆန့်ကျင်တာ အကျင့်သီလပျက်ပြားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားအုပ်စုတွေလည်း ရှိနေတာကို တွေ့ရတာကြောင့် ထိုင်းနိုင်ငံတွင်း နေထိုင်ကြတဲ့ ထိုင်းနိုင်ငံသားနဲ့ နိုင်ငံခြားသားအားလုံးရဲ့ လူမှုအသိုက်အဝန်းထဲမှာ အေးချမ်းတည်ငြိမ်မှု၊ လုံခြုံမှုတွေ ဆောင်ရွက်ပေးဖို့အတွက် ဥပဒေနဲ့မညီ တဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ပေးသင့်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဒါပေမဲ့ အစိုးရဌာနဆိုင်ရာတွေအတွက် ရှင်းလင်းတဲ့ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်းတွေ မရှိသေးတာကြောင့် ဥပဒေစိုးမိုးမှု မြန်ဆန်ထိရောက်ရေးအတွက် နိုင်ငံတော်အုပ်ချုပ်ရေး စည်းမျဉ်း ဥပဒေ ၁၉၉၁ ပုဒ်မ ၁၁/၈ အရ ဝန်ကြီးချုပ်ဟာ ကက်ဘိနက် (အစိုးရအဖွဲ့) ရဲ့ အတည်ပြုချက်နဲ့ “၂၀၂၆ ဝန်ကြီးချုပ်ရုံးရဲ့ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ“ ကို ပြဋ္ဌာန်း လိုက်တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ ဥပဒေအပိုဒ် ၅ အရ မည်သည့်နိုင်ငံခြားသားမဆို အောက်ဖော်ပြပါပြစ်မှုတွေကို ကျူးလွန်ပြီး ပြစ်ဒဏ်စီရင်ချက် ခံယူပြီးပါက ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်တယ်။ လဝက ဥပဒေနဲ့ မညီညွတ်ဘဲ နိုင်ငံထဲမှာ တရားမဝင် ဝင်ရောက်ခြင်း ဒါမှမဟုတ် နေထိုင်ခြင်း၊ နိုင်ငံခြားအလုပ်သမားဆိုင်ရာ ဥပဒေနဲ့ မညီညွတ်ဘဲ အလုပ်လုပ်ကိုင်ခြင်း၊ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာ ဥပဒေနဲ့ မညီညွတ်ဘဲ နိုင်ငံတွင်း စီးပွါးရေး လုပ်ကိုင်ခြင်း၊ အစိုးရဆိုင်ရာ စာရွက်စာတမ်းတွေကို အတုပြုလုပ်ခြင်း ဒါမှမဟုတ် အတုလုပ်ထားတဲ့ အစိုးရစာရွက်စာတမ်းတွေ အသုံးပြုခြင်း၊ ထောင်ဒဏ် ၅ နှစ် ဒါမှမဟုတ် ၅ နှစ်ထက်ပိုတဲ့ ထောင်ဒဏ်ကျနိုင်တဲ့ ပြစ်မှုတွေ ကျူးလွန်ခြင်း၊ အထက်ပါပြစ်မှုများ ကျူးလွန်ရာမှာ အဓိကတရားခံ၊ စေခိုင်းသူ ဒါမှမဟုတ် အားပေးကူညီတာတွေ ပါဝင်ပါတယ်။
လုပ်ထုံးလုပ်နည်းတွေမှာ အကျဉ်းဦးစီးဌာနအနေနဲ့ ပြည်နှင်ဒဏ်ပေးခံရမဲ့ အကျဉ်းသားတွေရဲ့ ကိုယ်ရေးရာဇဝင် အထောက်အထားတွေကို ၁၅ ရက်ကြိုတင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့ဖို့။ ပြည်ထဲရေးဌာနက ကြန့်ကြာမှုမရှိဘဲ အမိန့်စာထုတ်ရမယ်၊ အမိန့်စာထဲမှာ ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ပိတ်ပင်တဲ့ကာလပါ သတ်မှတ်ပေးဖို့။ ပြည်နှင်ဒဏ်ပေးခံရသူတွေကိုလည်း သူတို့ရဲ့ မိခင်နိုင်ငံက တာဝန်ရှိသူတွေဆီ သတ်မှတ်ထားတဲ့ ဂိတ် နဲ့ လမ်းကြောင်းကနေ ပြန်ပို့ဆောင်ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ပြည်နှင်ဒဏ်ခံရသူအနေနဲ့ သူ့ရဲ့မိခင်နိုင်ငံပြန်ရောက်က ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ လူမဆန်သော လူ့ဂုဏ်သိက္ခာညှိုးနွမ်းအောင် ပြုမူခံရခြင်း၊ ဖျောက်ဖျက်ခြင်းစတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင် ရနိုင်ခြေရှိတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတခုခုနဲ့ အခြားနိုင်ငံတခုခုက တောင်းဆိုစာပေးပို့က တတိယနိုင်ငံကို ပို့ဆောင်နိုင်ပါတယ်။
ဒါပေမဲ့ တတိယနိုင်ငံကို မပို့ခင် ထိန်းသိမ်းစောင့်ရှောက်ခ၊ ပို့ဆောင်ခ ကုန်ကျစရိတ်အားလုံးကို တောင်းဆိုထားတဲ့နိုင်ငံ ဒါမှမဟုတ် အဖွဲ့အစည်းကပဲ တာဝန်ယူကုန်ကျခံရမယ်လို့ ဖော်ပြထား ပါတယ်။
အထက်ပါ ပြည်နှင်ဒဏ် ဥပဒေကို ပြီးခဲ့တဲ့ ဇူလိုင်လ ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးမှာ အဆိုပြုခဲ့ပြီး ဩဂုတ် ၂၆ ရက် ဝန်ကြီးများအစည်းအဝေးမှာ သဘောတူကြောင်း ဆုံးဖြတ်ချက် ရခဲ့ကာ ထိုင်းဝန်ကြီးချုပ်က လက်မှတ်ရေးထိုးအတည်ပြုသလို အစိုးရ ပြန်တမ်းစာကလည်း ဩဂုတ် ၂၇ မှာ တရားဝင် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Source - TOP News / TNEWS











