DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံကို မေ ၁၀ ရက်၌ မုန်တိုင်း ဝင်ရောက်နိုင်ဟု မိုး/ဇလပညာရှင်များ သတိပေး
DVB
·
May 7, 2023
မြန်မာနိုင်ငံကို မေ ၁၀ ရက်၌ မုန်တိုင်း ဝင်ရောက်နိုင်ဟု မိုး/ဇလပညာရှင်များ သတိပေး
Donate to DVB

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မေ ၈ ရက်ကစလို့ လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ပြီး မေလ ၉ ရက်မှာ မုန်တိုင်းငယ် Depression အဖြစ် ရောက်ရှိကာ မေ ၁၀ ရက်မှာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းအဆင့် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေညွှန်ကြားမှု ဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

မုန်တိုင်းဒဏ်ကို ရခိုင်ကမ်းရိုးတန်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ကမ်းခြေတွေမှာ အဓိက ကြုံတွေ့ နိုင်ရပြီး မေ ၁၄ ရက်မှာတော့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းအဆင့် ဝင်ရောက် နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေကလည်း ခန့်မှန်းပြောဆိုပါတယ်။

မိုးလေဝသဆိုင်ရာ သုတေသီဦးဝင်းနိုင်က "အခုလောလောဆယ် လမ်းကြောင်းအနေအထား ရဆိုရင် ချောင်းသာနဲ့ ဂွကြားထဲကို ဝင်မယ်။ ၁၄ ရက်မှာ အားအပြင်းဆုံးရှိတဲ့ အနေအထား ဖြစ်တယ်။ ဖြစ်ပြီဆိုရင် မုန်တိုင်းရဲ့ ညာဘက်ခြမ်းမှာ ရှိတဲ့ ဧရာဝတီတိုင်း တတိုင်းလုံး၊ မြစ်ဝကျွန်းပေါ် တခုလုံး၊ နောက်ပြီးတော့ မွန်ပြည်နယ်ရဲ့ မြောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းလိုနေရာတွေ မုန်တိုင်းရဲ့ အရှိန်ကို ခံရမယ်။ လေတိုက်နှုန်းက တနာရီကို မိုင် ၅၀ ကနေ ၇၀ နှုန်း တိုက်နိုင်တယ်။ ပင်လယ်ပြင်မှာ လှိုင်းက မုန်တိုင်းဗဟိုနားမှာဆို ပေ ၃၀ လောက်ထိ၊ ကမ်းခြေနားမှာတော့ ပေ ၂၀ လောက်ထိ ကျပြီးတော့ ငဝန်မြစ်တလျှောက် ဟိုင်းကြီးကျွန်းကို ထွက်တဲ့ ပင်လယ်ဝအထိ ငဝန်မြစ်ထဲမှာဆို လှိုင်းအမြင့်က ၁၀ ပေ၊ ၁၂ ပေလောက်ထိ ရှိတယ်လို့ ခန့်မှန်းထားပါတယ်"လို့ ပြောပါတယ်။

မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ဒေသတွေနဲ့ ကမ်းရိုးတန်း တလျှောက် မိုးသက်လေပြင်း ကျတာ၊ လှိုင်းကြီးတာတွေ ဖြစ်နိုင်ပြီး ဘေးလွတ်ရာ နေရာတွေ ကြိုတင် ပြောင်းထားဖို့နဲ့ ရေကြီးနိုင်တဲ့ နေရာတွေ ရှောင်ရှားဖို့ မိုးလေဝသ ပညာရှင် တယောက်က သတိပေး ပြောပါတယ်။ 

"စိုးရိမ်ရတဲ့အနေအထားရှိတယ်။ ဒီနေ့ကို စပြီး ကယ်ဆယ်ရေး ကယ်ထုတ်ဖို့ ဧရာဝတီတိုင်းက ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း စတဲ့နေရာတွေနဲ့ နီးတဲ့သူတွေက စပြီး ပြင်ဆင်သင့်ပြီ၊ ရွှေ့ပြောင်းသင့်ပြီ။ ဘယ်ဘက်ကို ရွှေ့ရမလဲဆိုတော့ အရှေ့မြောက်ဘက်ကို ရွှေ့ရမယ်။ မုန်တိုင်းသွားတဲ့ လမ်းကြောင်းနဲ့ ကုန်းမြင့်တဲ့ နေရာပေါ့။ ဥပမာ ရန်ကုန်ဆို ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၁၀၀ ကျော်လောက်မြင့်တယ်။ အဲဒီ နေရာတွေဆို မဖြစ်ဘူး။ ဒီပြင်းအားထက်ကို ဒီရေတက်လာပြီးတော့ ဒီရေတက်လာတဲ့ဒဏ်ကြောင့် နာဂစ်တုန်းကလည်း လူတွေ အများကြီး သေသွားကြတယ်။ သေသွားကြတဲ့ အနေထားမျိုးဖြစ်တယ်။ ဆိုတော့ ရေက လေထက် ပိုပြီး ကြောက်စရာကောင်းတယ်ဆိုတာ သိဖို့ လိုပါတယ်။"

လက်ရှိ မုန်တိုင်းဒဏ် ခံနိုင်အောင် ပြင်ဆင်နေပြီး တရွာလုံး အတိုင်းအတာနဲ့ ကြီးကြီးမားမား ပြင်ဆင်တာ မရှိသေးဘူးလို့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဂေါ်ရန်ဂျီကျွန်း ဒေသခံ တဦးက ပြောပါတယ်။

"အဓိကက ပြင်ဆင်နေလဲဆိုတော့ အမိုးတွေဘာတွေ ပြင်တာတို့၊ အခြား ဘေးကင်းတာ ရွှေ့တာတို့တော့ မလုပ်ကြသေးဘူး။ လန်နိုင်တဲ့ဟာမျိုး၊ မုန်တိုင်းလာရင် ရွေ့သွားမယ့်ဟာမျိုးတွေ ပစ္စည်းတွေ ပြုပြင်တာလောက်ပဲ ရှိသေးတယ်။ သွပ်မိုးတွေဘာတွေ ပြင်ပြီး ဟိုသွားရမယ် ဒီသွားရမယ် ဆိုတာမျိုး နှိုးဆော်တာတော့ မတွေ့သေးဘူး။ လောလောဆယ်တော့ လိုက်အော်တာ တို့ ထုတ်ပြန်တာတို့ မကြားသေးဘူး။ ဒီနေ့ ရွာထဲက ဈေးဆိုင်တွေ သွားတော့ တချို့ဆိုင်တွေ ပစ္စည်းတွေ သိမ်းတာတို့ လုပ်ကြတယ်။ အဲဒါလည်း တဆိုင်နှစ်ဆိုင်လောက်ပါ။ တရွာလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ဘာမှ ပြင်ဆင်ထားတာ မရှိသေးဘူး။ အခုသိမ်းစရာရှိတာ သိမ်းတယ်။ မုန်တိုင်းထိနိုင်တာတွေ ကြိုလုပ်နေတာပေါ့။ အခုလည်း ပြင်ဆင်နေတာ ရှိတယ်" 

ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်း ဝင်ရောက်ပြီးနောက် ကုန်တွင်းမုန်တိုင်းအနေနဲ့ ကုန်တွင်း လေဖိအားနည်း ရပ်ဝန်း ဆက်ရှိနိုင်ပြီး နေပြည်တော်ကို ဖြတ်ကာ မေ ၁၅ ရက် မွန်းတည့် ၁၂ နာရီလောက် ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်စမ်ဘက်မှာ အားပျော့သွားမယ်လို့ မိုးလေဝသ ပညာရှင်တွေက ကြိုတင် ခန့်မှန်းထားပါတယ်။

မုန်တိုင်းဝင်ရောက်မယ့် လမ်းကြောင်းမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို သတိပြု နေထိုင်ကြဖို့၊ မိုးလေဝသ ခန့်မှန်းချက်တွေကို ဂရုစိုက် နားထောင်ပြီး မုန်တိုင်း ဘေးအန္တရာယ် ကြိုတင် ပြင်ဆင်ကြဖို့လည်း အမျိုးသားညီညွှတ်ရေးအစိုးရက အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013