DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်း ၂၀၂၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ
DVB
·
May 7, 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်း ၂၀၂၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ခံရ
Donate to DVB

စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူဘက်က ရပ်တည်ပြီး တက်ကြွစွာပါဝင်နေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို  ၂၀၂၃ ခုနှစ်ရဲ့ ပြည်သူ့ဂုဏ်ရည်ဆု ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း  ပြည်သူ့ဂုဏ်ရည်အသင်းဗဟို အလုပ်အမှုဆောင်အဖွဲ့က   မေလ ၆ ရက်မှာ ကြေညာပါတယ်။

နွေဦးတော်လှန်ရေးရဲ့ စဦး တိုက်ပွဲဖြစ်တဲ့ အဓမ္မ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့  ပြည်သူ့ဝန်ထမ်းတွေကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ် အဖြစ်၊ ကမ္ဘာ့အလယ်မှာ CDMလှုပ်ရှားသူတွေကို ဦးဆောင်ကိုယ်စားပြုခဲ့တဲ့အတွက် ဆုချီးမြှင့်တာလို့ ပြည်သူ့ဂုဏ်ရည်အသင်းက ပြောပါတယ်။

၂၀၂၃ ခုနှစ် ၁၄ ကြိမ်မြောက်၊ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဌာနခွဲအသီးသီးကနေ တင်သွင်းထားကြတဲ့ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် အမည်စာရင်းတွေကို အပြန်အလှန် ဆွေးနွေးတိုင်ပင်ကာ ဂုဏ်ပြဆုရွေးချယ်ရေး လုပ်ထုံး လုပ်နည်း စည်းကမ်းချက်တွေနဲ့ အညီ ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မြန်မာပြည်သူတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်အတွက် ကြိုးပမ်းဆောင်ရွက်နေ တဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ပြည်သူ့ဘက်တော်သား သူရဲကောင်း အပေါင်းကို သမိုင်းမော်ကွန်းတင် ဂုဏ်ပြုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လက်သုံးချောင်းထောင်ပုံရိပ်နဲ့အတူ ပြည်တွင်းမှာရော၊ နိုင်ငံတကာစာမျက်နှာတွေပေါ် ထင်ရှားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူကရွေးချယ်ထားတဲ့ အစိုးရအတွက် ကိုယ်စားပြုပြောဆိုခဲ့ကာ ပြည်သူနဲ့ တသားတည်းရပ်တည်ခဲ့သူ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက သူ့ကို နိုင်ငံအပေါ် သစ္စာဖောက်မှုနဲ့ ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ကုလသမဂ္ဂအနေနဲ့ စစ်ကောင်စီကို မြန်မာ နိုင်ငံအစိုးရသစ်အဖြစ် အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းဟာ မြန်မာနိုင်ငံ သံအမတ်အဖြစ် ဆက်လက်ရှိနေကြောင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဦးကျော်မိုးထွန်းဟာ ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရ လွှတ် တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလူနည်းစု ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုနေပြီး မြန်မာ့ဒီမိုကရေစီ အရေးအတွက် ဆက်လက်ပြီးတော့ ပါဝင်နေတာ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆု(Citizen of Burma Award)ကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နဲ့ တောင်ကိုရီးယားစတဲ့ အဝေးရောက် မြန်မာတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ပြည်သူ့ ဂုဏ်ရည်အသင်းက ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုးတွေရဲ့ ချွေးနဲ စာ၊ သန့်သန့်ရှင်းရှင်း ရှာဖွေထားတဲ့ ရန်ပုံငွေ၊ အလှုငွေတွေနဲ့ ဆုငွေပေးအပ်တာလို့ သိရပါတယ်။

၁၄ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ရာမှာ ပြည်သူ့ဂုဏ်ရည် ပင်မဆု တစ်ခုတည်းကိုသာ ရွေးချယ်ဂုဏ်ပြုပြီး၊ ၁၄ ကြိမ်မြောက် ဂုဏ်ပြုမှုနဲ့ အတူ မြန်မာပြည်တွင်းရှိ စစ်ဘေးသင့်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲကိုတော့ မေလ ၂၁ ရက် နေ့  အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်  လောစ်အိန်ဂျယ်လိစ်မြို့မှာ  ကျင်းပမယ်လို့ကြေညာထားပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က စတင်ပြီး မြန်မာနိုင်ငံက လူမှု သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်ရွေးချယ် ချီးမြှင့်ခဲ့တာဖြစ်ကာ ပထမဆုံး ပြည်သူ့ ဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို စစ်အာဏာရှင်ဆန့်ကျင် “မြန်မာ့နွေဦးတော်လှန်ရေး”ကို ရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

၂ဝ၂၀ ပြည့်နှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ မြန်မာနိုင်ငံက ကိုဗစ်-၁၉ ကူး စက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးမှာ စွမ်းစွမ်းတမံ အနစ်နာခံ ဆောင်ရွက်နေတဲ့ သူရဲကောင်း တွေကို ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။

၂၀၁၉ ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ အစိုးရဌာနတခုဖြစ်တဲ့ မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီက ရရှိပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု ၄ ဆုကိုတော့ ဆရာမ ဒေါ်အိအိညိမ်း၊ မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်နဲ့ Clean Yangon Campaign အဖွဲ့တို့ ရရှိထားပါတယ်။

၂ဝ၁၈ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကိုတော့ ရန်ကုန်မြို့အခြေစိုက် မွတ်ဆလင် ကုသိုလ် ဖြစ်ဆေးရုံကရရှိခဲ့ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆု ချီးမြှင့်ရာမှာတော့ နွမ်းပါးပညာရေးအလှူ အဖွဲ့(Care to Poor Education Group)၊ ဒေါက်တာ မြတ်စန္ဒာသန့်(မြင့်မိုရ်မေတ္တာ ခိုနားရာ တည် ထောင်သူ)၊ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်းတို့ ရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013