DVB Logo
Home
မြန်မာသတင်း
ပုလောတွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့် ၁၇ ကြိမ် တိုက်ခိုက်ခံရ၊ တနင်္သာရီစစ်ရှောင်များကို သဘာဝဘေး အသိပညာပေး
DVB
·
May 7, 2023
ပုလောတွင် စစ်ကောင်စီတပ်များ ဒရုန်းဖြင့် ၁၇ ကြိမ် တိုက်ခိုက်ခံရ၊ တနင်္သာရီစစ်ရှောင်များကို သဘာဝဘေး အသိပညာပေး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြိုနယ်အတွင်းမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက မတ် ၂၂ ရက်နေ့မှ မေ ၃ ရက်နေ့အထိ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ၁၇ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ပုလောတံတားထိပ် စစ်ဆေးရေးဂိတ်၊ ပုလောရဲစခန်း၊ နန်းတောင်ရွာစစ်ဆေးရေးဂိတ်၊ ထမင်းမစားစစ်ဆေးရေးဂိတ်နဲ့ အမှတ် ၅ စစ်ဆေးရေးဂိတ်တို့ကို အဓိကပစ်မှတ်ထားတိုက်ခိုက်ပြီး ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တာဟာ စစ်ရေးမှာ တော်တော်အရေးပါပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ဒီထက်ပိုပြီး ပြုလုပ်နိုင်ဖိုအတွက် ကျနော်တိုဘက်က လိုအပ်တာကတော့ ငွေကြေးနဲ့ ဒရုန်းကို ကျွမ်းကျင်စွာမောင်းနှင်နိုင်တဲ့သူတွေပဲ လိုအပ်တာပါ။” 

အဆိုပါ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက် အရာရှိတဦးအပါအဝင် စစ်ကောင်စီတပ်သား ၁၅ ဦးကျဆုံးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ဒရုန်း ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

“စစ်ကောင်စီကို တိုက်ခိုက်ဖို့ ကျနော်တို့ဘက်က ဗုံးသီးတွေချဖို့ကြိုးစားတဲ့အချိန်မှာ ပြည်သူတွေရှိနေရင် ကျနော်တို့ဘက်က မင်ရှင်တွေ ဖျက်လိုက်ရတာတွေရှိတယ်။ တချိုထိရောက်တဲ့ မင်ရှင်တွေဆိုလည်း ကျနော်တို့ဘက်က ဖျက်သိမ်းလိုက်ရတာတွေရှိတယ်” လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပုလောမြိုနယ်မှာ စစ်ကောင်စီကို ဒရုန်းနဲ့ တိုက်ခိုက်တဲ့ဖြစ်စဉ်တွေဟာ ပြီးခဲ့တဲ့မတ်လထက် ဧပြီလအတွင်းမှာ ပိုများတယ်လို့ ပုလောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်တဦးက ပြောပါတယ်။ 

“ပြည်သူတွေကို စစ်ကောင်စီတပ်၊ စခန်းတွေနဲ့ ဝေးရာမှာ နေပေးကြဖို့နဲ့ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေနောက် ကပ်မလိုက်ကြဖို့ ကျနော်တိုဘက်က မေတ္တာရပ်ခံချင်ပါတယ်။” 

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေကြားမှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံပြည်သူတွေကို သဘာဝဘေးနဲ့ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ တွဲလက်ညီညီ စစ်ဘေးရှောင်ကူညီ‌ရေးအဖွဲ့က ပြောပါတယ်။

မတ် ၆ ရက်က တနင်္သာရီမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်  မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်‌တွေနဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ၊ ကြိုတင်ကာကွယ်ဖို့ နည်းလမ်းတွေအတွက် အသိပညာပေးတာ‌တွေနဲ့ လက်ကမ်းစာစောင်ဝေတာတွေကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိတော့ ကျေးရွာတွေမှာ လက်ကမ်းစာစောင်ဝေတာတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေ အသံချဲ့စက်တွေနဲ့ လိုက်အော်‌ပြောတာတွေကို ဆက်လုပ်ဆောင်သွားဖို့ရှိတယ်လို့‌ တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

အခုမေလ ဒုတိယပတ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ အားကောင်းတဲ့မုန်တိုင်းတခု ဖြစ်ပေါ်လာနိုင်ပြီး ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းအပါအဝင်  တော်တော်များများ မုန်တိုင်းအရှိန်ရိုက်ခတ်မှုကို ခံရနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့‌ဆေးဝါးတွေကို ကူညီထောက်ပံ့ ပေးနေပေမဲ့  မလုံလောက်သေးဘဲ  လိုအပ်နေတယ်လို့ဆိုပါတယ်။

တွဲလက်ညီညီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့တာဝန်ရှိသူက "အလှူရှင်တွေက‌တော့ စုဆောင်းပြီးတော့ ဆန်တို့ ရိက္ခာခြောက်တို့ လာလှူနေတာတွေရှိတယ်။ လိုအပ်မှုတော့ရှိ နေသေးတာပေါ့။ သောက်သုံးရေအတွက်ကတော့ စိမ့်စမ်းရေက နေရရှိတဲ့ ရေတွေကို ပြန်လည် ကျိုချက်ပြီး သောက်သုံးနေကြတဲ့အတွက် စိုးရိမ်မှုတစုံတရာမရှိဘူး" လို့ ပြောပါတယ်။

လက်ရှိမှာတော့ တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင်ပြည်သူသုံးထောင်ကျော်ကို ဒေသတွင်းစစ်ဘေးရှောင်ကူညီအဖွဲ့တွေကနေ ကူညီ‌ ဆောင်ရွက်ပေးနေပြီး‌ စစ်ဘေးရှောင်တွေထဲမှာ ကိုယ်ဝန်သည်အမျိုးသမီးတွေ၊ ကလေးငယ်လေးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရတဲ့‌‌ ဒေသခံပြည်သူဦးရေ ၁ သောင်းကျော်အထိ ရှိနေတယ်လို့လည်း သိရပါ‌တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013