DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ၃ နှစ်စာပေါင်းပေး၊ “ပိတောက်ကတဲ့ဂီတ”ရုပ်ရှင် ဆုအများဆုံးရရှိ
DVB
·
May 7, 2023
မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန် ၃ နှစ်စာပေါင်းပေး၊ “ပိတောက်ကတဲ့ဂီတ”ရုပ်ရှင် ဆုအများဆုံးရရှိ
Donate to DVB

၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင် အကယ်ဒမီထူးချွန်ဆုတွေကို ပြေတီဦး၊ မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်၊ ရွှေထူး၊ အုန်းသီး၊ မေသဉ္ဇာဦး၊ အိန္ဒြာကျော်ဇင်၊ စိုးပြည့်သဇင်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ စတဲ့ အနုပညာရှင်တွေက ရရှိသွားပါတယ်။

(၆၄) ကြိမ်မြောက် အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို  မေလ ၆ ရက် ညနေပိုင်းက နေပြည်တော် မြို့တော်ခန်းမ အနီးရှိ လဟာပြင်ကဇာတ်ရုံမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဆုချီးမြှင့်ရာမှာ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆု(၂၀၁၉) ကို “ရိုးမပေါ်ကျတဲ့ မျက်ရည်” ဇာတ်ကားနဲ့ မြင့်မြတ်၊ အကောင်းဆုံးအမျိုးသားဇာတ် ဆောင်ဆု (၂၀၂၀) ကို “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့  အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (၂၀၂၂) ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ပြေတီဦးတို့က အသီးသီးရရှိပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု(၂၀၁၉) ကိုတော့ “ဟစ်တိုင်” ဇာတ်ကားနဲ့ အိန္ဒြာကျော်ဇင်၊ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၀) ကို “ရွှေမင်းသမီး” ဇာတ်ကားနဲ့ စိုးပြည့်သဇင်၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု (၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားနဲ့ ရွှေမှုံရတီ တို့က အသီးသီးရရှိပါတယ်။

အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂၀၁၉) ကို "လှပ်၍လွင့်သော" ဇာတ်ကားနဲ့ ခင်ဝင့်ဝါ၊ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု (၂၀၂၀) ကို "ရွှေမင်းသမီး" ဇာတ်ကားနဲ့ မေသဉ္ဇာဦး၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (၂၀၁၉) ကို "ဒဏ္ဍာရီမိုး"ဇာတ်ကားနဲ့ ရွှေထူး၊ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု (၂၀၂၀) ကို "သောင်းတိုက်ကကြားစေသား" ဇာတ်ကားနဲ့ အုန်းသီးတို့က အသီးသီး ရရှိပါတယ်။

အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၀)ကိုတော့ “ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ အကောင်းဆုံးရုပ်ရှင် ဇာတ်ကားဆု(၂၀၂၂) ကို “ဝေးမနေချင်ဘူး” ဇာတ်ကားတို့ကရရှိပြီး  အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဒါရိုက်တာမီးပွား က ရရှိပါတယ်။

အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၁၉)ကို  “ဒဏ္ဍာရီမိုး” ဇာတ်ကားနဲ့ အာကာတိုး၊ အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု (၂၀၂၀) ကို “ ပိတောက်ကတဲ့ဂီတ” ဇာတ်ကားနဲ့ ဖြိုးကျော်၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၁၉) ကို “နို့ဘီလူး” ဇာတ်ကားနဲ့ ကျော်ကျော်ထွန်း၊ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု (၂၀၂၀) ကို “ဂန္ဓဗ္ဗ” ဇာတ်ကားနဲ့ အောင်ကိုလတ်တို့က ရရှိပါတယ်။

အကောင်းဆုံးရုပ်ရှင်အသံဆု (၂၀၁၉) ကို “၁၀၁၄” ဇာတ်ကားနဲ့  ကြည်မင်းသိန်း၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု (၂၀၁၉)ကို “၁၀၁၄”ဇာတ်ကားနဲ့ ဂျီသရီး၊ ကျော်ခိုင်စိုး၊ အကောင်းဆုံး ရုပ်ရှင်တည်းဖြတ်ဆု(၂၀၂၂)ကို “လိပ်ပြာထောင်ချောက်” ဇာတ်ကားနဲ့ ကြည်သာ၊ အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု (၂၀၁၉) ကို “နိုင်ငံကြီးသား” ဇာတ်ကားနဲ့ မောင်မြတ်ဆွေတို့က က ရရှိပါတယ်။

ဒါ့အပြင် ရုပ်ရှင်အထူးဆုဖြစ်တဲ့  ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ဝတ်စားဆင်ယင်ထုံးဖွဲ့မှုဆုကို “ကမ္မဖလ” ဇာတ်ကားမှ ဌေးဌေးတင်နဲ့ အဖွဲ့က ရရှိသွားပါတယ်။

အခုတကြိမ် အကယ်ဒမီပေးပွဲဟာ ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား (၉၇)ကား၊ ၂၀၂၀ ပြည့်နှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၂၁ ကားနဲ့ ၂၀၂၂ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ဇာတ်ကား ၂၀ ထဲက ရွေးချယ် ချီးမြှင့်ပေးအပ်တာဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီရဲ့ အကယ်ဒမီပေးပွဲကို ပြည်သူတွေ မကြည့်ရှုဖို့ သပိတ်မှောက်ဖို့ တိုက်တွန်းထားပြီး စစ်ကောင်စီကလည်း အနုပညာရှင်တွေကို ဖိအားပေး တက်ခိုင်းတာ၊ မက်လုံးပေး စည်းရုံး တက်ခိုင်းတာတွေ ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုတို့ကြောင့် အကယ်ဒမီပေးပွဲတွေ မကျင်းပနိုင်ခဲ့သလို  မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ရုပ်ရှင်ရုံတွေမှာလည်း ရုပ်ရှင် ပြသမှုတွေ ရပ်ဆိုင်းထားခဲ့ရတာပါ။

၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ကစပြီး ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသနေပေမဲ့ အနုပညာရှင်တွေကို ဖမ်းဆီးထောင်ချထားတဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့  ရုပ်ရှင်ကြည့်ပရိသတ်တွေက ရုပ်ရှင်ရုံတွေမှာ သွားရောက်မကြည့်ရှုကြဘဲ သပိတ်မှောက်ထားတဲ့အတွက် ပုံမှန်အခြေအနေပြန်မရောက်သေးပါဘူး။

အကယ်ဒမီပေးပွဲကျင်းပတဲ့ မေ ၆ ရက်၊ မနက်က  ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနီးမှာ  ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက် ပျက်စီးမှု သတင်းတွေကတော့ မကြားသိရပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013