
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မိုးသည်းထန် ရေကြီးရေလျှံပြီး ထိုင်းပြည်သူတွေ ရေဘေးဒုက္ခ ခံစားနေရနေချိန် မြန်မာအဆိုတော် စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ ဘန်နီဖြိုးနဲ့ Bobby Soxer တို့ ပါဝင်တဲ့ “A Night in Bangkok” ရှိုးပွဲကို စက်တင်ဘာ ၂၆ ရက်ညက ကျင်းပခဲ့ပါတယ်။
ရေကြီးမှုကြောင့် မြို့ထဲ သွားလာရေး အခက်အခဲတွေ ရှိခဲ့ပြီး ပွဲမစခင် လက်မှတ်ပြန်ရောင်းသူတွေ ရှိခဲ့သလို ပြည်ပရောက် တော်လှန်ရေးအင်အားစုတချို့က ရှိုးပွဲကို သပိတ်မှောက်ကြဖို့ တိုက်တွန်းခဲ့ပေမဲ့ ပွဲချိန်မှာတော့ လာရောက် ကြည့်ရှုသူ များပြားခဲ့တာကို တွေ့ရပါတယ်။
ရှိုးပွဲ လက်မှတ်ခတွေက ထိုင်းဘတ် ၈၀၀၊ ၁,၀၀၀ နှစ်မျိုး သတ်မှတ်ထားပြီး ထိုင်းဘတ် ၃၀,၀၀၀ တန် Private Balcony နဲ့ ထိုင်းဘတ် ၂၅,၀၀၀ တန် Premium Balcony အမျိုးအစား စုစုပေါင်း ၁၆ ဝိုင်း ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ရှိုးပွဲ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ ပွဲခန်းမရှေ့မှာ ဘန်ကောက်ရောက် မြန်မာတယောက်က ရေဘေးအခြေအနေအတွင်း ဖျော်ဖြေပွဲ ကျင်းပတာကို ကန့်ကွက်တဲ့အနေနဲ့ လက်သုံးချောင်းထောင်ကာ တကိုယ်တော် ဆန္ဒပြခဲ့ပါတယ်။
ဘန်ကောက်မှာ စက်တင်ဘာ ၂၅ ရက်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး၊ စက်တင်ဘာ ၂၆ ရက်မှာ ခရိုင် ၅၀ မှာ ရေလွှမ်းမိုးမှုဘေးအန္တရာယ် သတိပေး ကြေညာချက် ထုတ်ပြန်ထားပါတယ်။










