DVB Logo
Home
မြန်မာသတင်း
ကန့်ကွက်မှုများကြားက ဘန်ကောက် စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲ လက်မှတ်အကုန်ရောင်းထွက်
မောရစ်
·
September 17, 2026
Photo: Sai Sai Kham Leng Facebook
Photo: Sai Sai Kham Leng Facebook
Donate to DVB

ကန့်ကွက်မှုတွေကြားကနေပဲ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် အဆိုတော် လေးယောက်ရဲ့ ရှိုးပွဲကို  စက်တင်ဘာ ၂၆ ရက် ဘန်ကောက်မှာ ပြုလုပ်ဖို့ရှိပြီး လက်မှတ်တွေ အကုန်ရောင်းထွက်သွားပြီလို့ ပွဲစီစဉ်သူတွေဘက်က အသိပေးထားပါတယ်။

လာမဲ့ စက်တင်ဘာ ၂၆ ရက်ကျရင် ဘန်ကောက်မှာ စိုင်းစိုင်းခမ်းလှိုင် အပါအဝင် မြန်မာအဆိုတော် လေးယောက်ပါတဲ့ ရှိုးပွဲလက်မှတ်တွေဟာ ပွဲမစခင် ၁၀ ရက်အလိုမှာကတည်းက အကုန် ရောင်းထွက်သွားပြီလို့ ပွဲစီစဉ်သူတွေဘက်က Social Media ကနေတဆင့် အသိပေးထားပြီး လက်မှတ်ဈေး အနိမ့်ဆုံး ဘတ် ၈၀၀ ကနေ အမြင့်ဆုံး ဘတ် ၃၀,၀၀၀ အထိ ဈေးရှိတဲ့ လက်မှတ်တွေ ကုန်သွားတာ ဖြစ်ပါတယ်။

DVB အနေနဲ့ ဘန်ကောက်မှာရှိနေတဲ့ မြန်မာအခြေခံအလုပ်သမားတွေနဲ့ ဆက်သွယ်ကြည့်တဲ့အခါ ဒီပွဲအပေါ် စိတ်ဝင်စားမှုရှိရင်တောင်မှ အများစုကတော့ ပွဲလက်မှတ်ခ မတတ်နိုင်လို့ မသွားဖြစ်ကြဘူးလို့ ပြောပါတယ်။

ဘန်ကောက်မှာ အလုပ်လုပ်နေသူတယောက်က “သာမန် အလုပ်လုပ်တဲ့သူကျတော့ မဝယ်နိုင်ဘူးလေ။ အဲဒီလောက် လက်မှတ်ထိကျတော့ ဒီလောက်ဈေးကြီးတာ၊ ကြည့်ရသလောက် ဘန်ကောက်မှာက နိုင်ငံရေးနဲ့ပတ်သက်တာတွေ စိုင်းစိုင်းခမ်းလှိုင်ပွဲ သွားကြည့်တဲ့သူတွေကို ဘွိုင်းကောက်လုပ်တယ် မဟုတ်လား၊ အဲဒီလိုမျိုးတွေ သိပ်ပြီးတော့ စိတ်မဝင်စားဘူး ထင်တယ်။ သူတို့စိတ်ဝင်စားတဲ့သူဆို သူတို့သွားမှာပဲ၊ ကျမဆိုရင်လည်း မသွားဘူး၊ ဘာလို့လဲဆို ပိုက်ဆံမတတ်နိုင်လို့” လို့ ပြောပါတယ်။

ဘန်ကောက်ရှိုးပွဲဟာ စိုင်းစိုင်းခမ်းလှိုင်အတွက် မန္တလေးရှိုးပွဲအပြီး ထပ်ပေါ်လာတဲ့ ပွဲတခုဖြစ်ပြီး တော်လှန်ရေးအသိုင်းအဝိုင်းဘက်က သူ့ရဲ့ဖျော်ဖြေပွဲတွေကို ရှောင်ဖို့နဲ့ ကန့်ကွက်ကြဖို့ တိုက်တွန်းမှု ရှိနေတာပါ။

ဘန်ကောက်ရောက် ကျောင်းတက်နေတဲ့ လူငယ်အသိုင်းအဝိုင်းကြားမှာတော့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို ကန့်ကွက်မှုက အားကောင်းနေတာကို တွေ့ခဲ့ရပါတယ်။

လူငယ်တွေကတော့ တိုင်းပြည် စစ်ဒဏ်ခံနေရတဲ့အချိန် လက်မှတ်ခတွေက ဘတ်သောင်းချီ ရှိနေတဲ့ VIP ဝိုင်းတွေနဲ့ ဇိမ်ခံပွဲတွေကို တင်ဆက်နေတာက လူတန်းစားခွဲခြားမှုကို မီးမောင်းထိုးပြသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတယောက်က “ကျနော်တို့ ပတ်ဝန်းကျင်မှာတော့ သွားတယ်ဆိုတဲ့သူ မကြားမိသလောက်ပဲ။ ဘာလို့လဲဆို အဓိကအချက်က လက်မှတ်ခပေါ့လေ၊ ဘတ် ၃၀,၀၀၀ ဆိုတာ ကျောင်းတဖက် အလုပ်တဖက်နဲ့ သူတွေအတွက် ဘယ်လိုမှ လက်လှမ်းမမီဘူး။ နောက် လက်မှတ်ခ တတ်နိုင်ရင်တောင် တော်လှန်ရေး အသိတရားနဲ့ ဆန့်ကျင်နေတယ်လို့ ယူဆတာပါ။ တိုင်းပြည် လွတ်မြောက်ဖို့အတွက် အားလုံး ရုန်းကန်နေချိန်မှာ ဖျော်ဖြေရေးနောက်ကိုပဲ လိုက်ပြီး ဇိမ်ခံနေတာမျိုးကို လူငယ်တွေက မကြိုက်ကြဘူး။ ဒါကြောင့် ဒီလိုပွဲတွေကို အစကတည်းက ရှောင်ကြတာက ကျနော်တို့အတွက် ပုံမှန်ပါပဲ” လို့ ပြောပါတယ်။

ပွဲလက်မှတ် အနိမ့်ဆုံးဈေး ဘတ် ၈၀၀ ဟာ အခြေခံအလုပ်သမားတွေရဲ့ နှစ်ရက်စာလုပ်အားခနဲ့ ညီသလို အမြင့်ဆုံး လက်မှတ် ဘတ် ၃၀,၀၀၀ ကတော့ သာမန်ဝန်ထမ်းတယောက်ရဲ့ လစာနှစ်လစာ နီးပါးနဲ့ ညီနေတဲ့အတွက် အခြေခံလူတန်းစားနဲ့ လခစားတွေအတွက် လက်လှမ်းမမီနိုင်တဲ့ နှုန်းထား ဖြစ်နေတာပါ။

ဘန်ကောက်ပွဲကို ကန့်ကွက်ဖို့ နှိုးဆော်နေတဲ့ Fncc Burma Fact Check Community ကတော့ ထိုင်းရောက် မြန်မာ့လူ့အဖွဲ့အစည်းရဲ့ လူတန်းစားအလွှာကို ခွဲခြားကြည့်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

ထိုင်းမှာ မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေကိုရှောင်ဖို့ ထိုင်းကိုရောက်နေကြတဲ့ ငွေကြေးချမ်းသာတဲ့ ခရိုနီမျိုးဆက်တွေရဲ့ လူတန်းစားတရပ်က ငွေသုံးနိုင်တဲ့အတွက် အခုလို ဈေးကြီးတဲ့ ဖျော်ဖြေပွဲတွေဟာ အောင်မြင်နေတာလို့ ထောက်ပြထားပါတယ်။

Fncc Burma Fact Check Community တာဝန်ရှိသူတယောက်က “ပြည်ပမှာ ဖျော်ဖြေပွဲတွေ လာလုပ်တဲ့အချိန် ခရိုနီ လူတန်းစားနဲ့ ပူးပေါင်းပြီး စစ်အုပ်စုအတွက် အလုပ်လုပ်ပေးနေတဲ့ လူတန်းစားတရပ် ရှိနေပြီးသားပါ။ အဲဒီလူတန်းစားတွေအတွက်ကိုပဲ အဓိက ရည်ရွယ်ပြီး လက်မှတ်ခနှုန်းထားတွေ စီစဉ်ပြီးတော့ ဒီဖျော်ဖြေပွဲတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းအရာကို ကျနော်တို့က သေသေချာချာ နားလည်ထားဖို့ လိုပါတယ်။ အဓိကက စစ်အုပ်စုဘက်ကလာတဲ့ ဒီဖျော်ဖြေပွဲတွေ အားကောင်းလေလေ ကျနော်တို့ တော်လှန်ရေးဘက်က တချို့ပွဲတွေသည် မှေးမှိန်သွားပါတယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုး မဖြစ်ရလေအောင် ကျနော်တို့က ကိုယ့်အနာဂတ်အတွက်ကို ဘာလုပ်ကြမှာလဲ၊ ကိုယ့်အနာဂတ်အတွက်ကို ဘာတွေးထားသလဲ၊ ကိုယ့်အနာဂတ်အတွက်ကို ကိုယ်ဟာ ဘယ်လို ဆုံးဖြတ်ချက်တွေ ချသင့်သလဲ ဆိုတာကို သေသေချာချာ စဉ်းစားပြီး လုပ်ကြဖို့လည်း ကျနော် တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကိုတော့ လူ ၂၀,၀၀၀ ကျော် လာရောက်အားပေးခဲ့ကြတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ဒါပေမဲ့ မြို့ပေါ်မှာ လူငယ်တွေ ပေါ်တာအဆွဲကြမ်းနေပြီး အသက်အိုးအိမ် လုံခြုံရေးအတွက် စိုးရိမ်နေရချိန်မှာ အခုလို လူစုလူဝေးနဲ့ ဖျော်ဖြေပွဲကြီးတွေ ကျင်းပပြုလုပ်နေတာနဲ့ ပတ်သက်ပြီး လူထုကြားမှာ ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013