
ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆိုးဆိုးရွားရွား လုပ်နေတာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေထိုင်နေရတယ်ဆိုတဲ့ မန္တလေးမြို့က လူငယ်တွေဟာ မနေ့ညက ကျင်းပသွားတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို တိုးမပေါက်အောင် သွားရောက်အားပေးခဲ့ကြတယ်လို့ မြို့ခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
မနေ့ စက်တင်ဘာ ၆ ရက် ညပိုင်းမှာ ချမ်းအေးသာစံမြို့နယ်ထဲက ၂၈ လမ်းနဲ့ ၂၉ လမ်းကြား၊ ၅၃ လမ်းမှာရှိတဲ့ The First Mandalay Event Park မှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရှိုးပွဲကို ကျင်းပခဲ့တာဖြစ်ပြီး လူ ၂၀,၀၀၀ ဝန်းကျင်လောက် သွားကြည့်ခဲ့ကြတယ်လို့ မြို့ခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
မန္တလေးမြို့ခံတယောက်က “လူ ၂၀,၀၀၀ လောက် ဝင်တယ် ပြောတာပဲ။ မြင်ရတာတော့ တော်တော်များတယ်။ ညနေအစောတည်းက လမ်းတွေလည်း ပိတ်ကုန်တာ။ အဲဒီမှာ စောင့်ပြီး ဖမ်းပစ်ရမှာ။ အဲဒါလည်း ပါရင်ပါကြမှာ၊ ဘယ်နှယောက် ပါသွားပါပြီ ဆိုပြီး သတင်းထွက်တာပဲ စောင့်နားထောင်ရမှာပဲ” လို့ DVB ကို ပြောပါတယ်။
မူလက ရှိုးပွဲကို ချမ်းမြသာစည်မြို့နယ်ထဲက မန္တလာသီရိကစားကွင်းမှာ ကျင်းပဖို့ စီစဥ်ထားပေမဲ့ ပွဲကျင်းပမဲ့ရက် နီးကာမှ နေရာပြောင်း ကျင်းပဖို့ စီစဉ်ခဲ့တာလို့ သိရပါတယ်။
အခု ပွဲကျင်းပတဲ့နေရာဟာ မန္တလေးမြို့မှာ ခိုးဆိုးလုနှိုက်မှုတွေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတာကြောင့် လက်မှတ်တွေ လျှော့ဈေးနဲ့ ပြန်ရောင်းနေတယ်လို့ ပွဲမကျင်းပမီရက်ပိုင်းက သတင်းထွက်ခဲ့ပေမဲ့ အမှန်တကယ် ပွဲကျင်းပချိန်မှာတော့ တိုးမပေါက်အောင် စည်ကားခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမှာ မန္တလေးမြို့ပေါ်က နေရာအတော်များများမှာ အဓမ္မ ပေါ်တာဆွဲဖမ်းဆီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် လူငယ်တွေ သတိဝီရိယနဲ့ နေထိုင်ကြဖို့ အသိပေးနေတဲ့ကြားက အခုလို အပျော်အပါးလိုက်စားနေတဲ့အပေါ်လည်း မြို့ခံတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
နောက်ထပ် မန္တလေးမြို့ခံ တယောက်ကလည်း “ထင်ထားတာထက်ကို များတယ်။ ပိုက်ဆံရှိ လူတန်းစားတွေ များပါတယ်။ ကားတွေက အပျံစားတွေချည်းပဲ။ အခြေခံလူတန်းစားတွေတော့ မသွားနိုင်လောက်ကြဘူး။ သူများတွေကသာ လိုင်းပေါ်တင်နေတာ၊ လူဦးရေ ၂၀,၀၀၀ တောင် မကလောက်ဘူး၊ တော်တော်များပါတယ်ဗျာ။ ကားတောင်တိုးမရဘူး” လို့ DVB ကို ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုရဲ့ Boycott လုပ်ခံရတာကြောင့် လူမြင်ကွင်းကနေ ကာလအတန်ကြာ ပျောက်နေခဲ့ပေမဲ့ နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေ လုပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ခံခဲ့ရပါသေးတယ်။
စက်တင်ဘာ ၆ ရက်ည ကျင်းပသွားတဲ့ စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲမှာ စစ်အုပ်စုက လုံခြုံရေးယူထားပေးပြီး ကင်းလှည့်ပေးခဲ့တာတွေ ရှိတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။
စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲရှိလို့ မနေ့ညနေပိုင်းတည်းက မန္တလေးမြို့က လမ်း ၃၀၊ မြို့ပတ်လမ်း၊ ၅၂ လမ်းနဲ့ ၅၃ လမ်းတွေမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့ပြီး မြို့ခံတွေ သွားရေးလာရေး အခက်အခဲတွေ ကြုံခဲ့ရတယ်လို့လည်း မြို့ခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။











