DVB Logo
Home
မြန်မာသတင်း
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်၊ ဧရာဝတီနှင့် ရခိုင်ဒေသခံများ သတိပြုရန် တိုက်တွန်း
DVB
·
May 6, 2023
ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်၊ ဧရာဝတီနှင့် ရခိုင်ဒေသခံများ သတိပြုရန် တိုက်တွန်း
1 / 2
Donate to DVB

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ မေလ ၁၀ ရက်နေ့  ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့ ဇလဌာနက အရေးပေါ် ထုတ်ပြန်ထားပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်နိုင်လို့ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသမှာ နေထိုင်သူတွေ အထူးသတိပြု ကြိုတင်ပြင်ဆင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ မေလ ၇ ရက်နေ့ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မေလ ၈ ရက်မှာ  မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ်ဟာ မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မေလ ၁၀ ရက်မှာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ အားကောင်း လာနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ခန့်မှန်းချက်တွေအရ မုန်တိုင်းဟာ မြစ်ဝကျွန်းပေါ်နဲ့ ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်လို့ မေ ၉ ရက်မှ ၁၃ ရက်အထိ  ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက် လှိုင်းကြီးပြီး ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင် ၅၀ မှ ၆၀ လောက် အထိတိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ မုန်တိုင်းစတင်အစပျိုးခြင်းမရှိသေးလို့ ခန့်မှန်းတွက်ချက်တဲ့ မော်ဒယ်တို့အပေါ်မူတည်ပြီး မုန်တိုင်းရွေ့လျားမယ့် လမ်းကြောင်းအမျိုးမျိုးပြောင်းလဲနေတယ်လို့ ဆိုပါတယ်။

ဖြစ်လာနိုင်တဲ့ မုန်တိုင်း အရှိန်ကြောင့်လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရေကြီး မြေပြိုဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးနဲ့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်၊ မြစ်ငယ်၊ချောင်းငယ်တွေအနီး နေထိုင်ကြသူတွေ ကြိုတင်သတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်တွေ သင်္ဘောတွေလည်း ကြိုတင်သတိပြုရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း မေလ ၈ ရက်နေ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ် လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းနှင့်စပ်လျဉ်းပြီး  မိုးလေဝသအေဂျင်စီ ၂ ခုရဲ့ ခန့်မှန်းတွက်ချက်မှုတွေကို ထုတ်ပြန်ထားပါတယ်။

အဓိကအချက်မှာ လာမယ့်ရက်အနည်းငယ်အတွင်း ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ မုန်တိုင်းတစ်လုံး ဖြစ်ပေါ်လာနိုင်ပြီး မိုးလေဝသဆိုင်ရာအချက်အလက်တွေ အပေါ်မူတည်ပြီး ခန့်မှန်းထားတဲ့ လမ်းကြောင်း(၂)ခု အနက် လမ်းကြောင်းတစ်ခုသို့ ရွေးချယ်ရွေ့လျားလာနိုင်တယ်လို့ ပုံတွေနဲ့တကွထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ခန့်မှန်းလမ်းကြောင်းမှာ နေထိုင်ကြသူတွေအနေနဲ့  မိုးလေဝသခန့်မှန်းချက်တွေကို ဂရုပြုနားထောင်ပြီး လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြဖို့ NUG အစိုးရက အသိပေးထားပါတယ်။

မုန်တိုင်းဟာ မြန်မာနိုင်ငံကိုဦးတည်ဖို့ ၇၅ ရာခိုင်နှုန်း လောက်ရှိကြောင်း၊ ဧရာဝတီတိုင်း ၊ရခိုင် ပြည်နယ်၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်အနီး မတ္တမုကွေ့တို့မှာ လေပြင်းအန္တရာယ်ရှိလာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူ ဝေဖြိုးဟန်( လေကြောင်းမိုးလေဝသ)ကလည်း သူ့ရဲ့ လူမူကွန်ရက်ကနေ သတိပေးချက်ထုတ်ပြန်ပေးထားပါတယ်။

မုန်တိုင်း လမ်းကြောင်း ၁ ဟာ ဒီကနေ့ကစပြီး  ၈ ရက်နေ့အတွင်း  မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လက်ရှိအပူချိန်နဲ့  1-2C°လောက် အပူချိန်မြင့်တက်လာပါက ရခိုင်ပြည်နယ် စစ်တွေနဲ့  ကျောက်ဖြူအနီးကနေ မေလ ၁၃ ရက်နေ့ မွန်းလွဲ ညနေပိုင်းမှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လမ်းကြောင်း ၂ ကတော့  ဒီနေ့ကစပြီး   ၈ ရက်နေ့အတွင်း  မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ လက်ရှိအပူချိန်နဲ့ 3-4C°လောက်အထိ အပူ ချိန်မြင့်တက်လာပါက ဧရာဝတီတိုင်း လပွတ္တာနဲ့ ဘိုကလေးအနီးမှ မေလ ၁၃ ရက်နေ့မွန်းလွဲ ညနေပိုင်းမှာ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း တွက်ချက်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013