DVB Logo
Home
မြန်မာသတင်း
သွေးစွန်းအကယ်ဒမီကို သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
DVB
·
May 5, 2023
သွေးစွန်းအကယ်ဒမီကို သပိတ်မှောက်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း
Donate to DVB

နေပြည်တော်မှာ မေလ ၆ ရက် ကျင်းပမယ့် စစ်ကောင်စီရဲ့ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကို ပြည်သူတွေ မကြည့်ဖို့၊ သွေးစွန်းအကယ်ဒမီကို သပိတ်မှောက်ကြဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်နဲ့ မရမ်းကုန်းမြို့နယ်က ဆန္ဒပြလူငယ်တချို့ဟာ မေလ ၄ ရက်က “သွေးစွန်းနေတဲ့ အကယ်ဒမီ” ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေနားမှာ ပြောက်ကျား ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ တော်လှန်လူငယ်တယောက်က စစ်ကောင်စီဟာ တဖက်မှာ ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး အခုလို အကယ်ဒမီပေးပွဲကို စည်ကားအောင် ကျင်းပတာဟာ အတုအယောင် သွေးစွန်းအကယ်ဒမီပေးပွဲပဲလို့ ပြောပါတယ်။

“ကျနော်တို့က အကြမ်းဖက်စစ်တပ်ရဲ့ အကယ်ဒမီပေးပွဲမှ မဟုတ်ဘူး။ သူတို့ဝါဒဖြန့်ဖို့အတွက် လုပ်တဲ့ ဘယ်ပွဲမဆို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြရမှာပဲ။ ဘာကြောင့်လဲဆိုတော့ စစ်မှန် ပြည်သူလူထုရဲ့ဆန္ဒ မပါဘူး။ တဖက်မှာ ပြည်သူကို နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်ပြီးတော့ သူတို့ ပုံရိပ်ကောင်းဖို့ရာအတွက် သူတို့ရဲ့ အုပ်ချုပ်နိုင်နေပြီလို့ ပြဖို့ရာ လုပ်ဖို့လုပ်တဲ့ ဘယ်ပွဲမဆို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြပါတယ်၊ လုံးဝ လက်မခံပါဘူး။ ဒီအကယ်ဒမီပေးပွဲဆိုလည်း ရှင်းနေတာပဲ။ သူတို့ အရမ်းကောင်းတဲ့ ဝါဒဖြန့် လှုံ့ဆော်ဖို့ရာ အခွင့်သာတဲ့ အနုပညာရှင်တွေကို အသုံးချပြီး ပုံရိပ်တခုကို ဖော်ပြတာပဲ။”

“တကယ့်တကယ် တဖက်မှာ ပြည်သူလူထုကို ညှဉ်းဆဲပြီးတော့ ပဇီကြီးလိုမျိုး အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး ဒီသတင်းတွေကို အမှောင်ချဖို့အတွက် ဒီလိုအချိန်မှာ အနုပညာရှင်တွေကို အသုံးချပြီးတော့ ဒီပွဲကို မဖြစ်ဖြစ်အောင် လုပ်တဲ့အတွက် ကျနော်တို့က ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်၊ ဆန္ဒ ထုတ်ဖော်တယ်။ ဒီဟာကို အစစ်အမှန် အကယ်ဒမီလို့ မသတ်မှတ်ဘူး။ ဒီပွဲကိုတက်ရောက်တဲ့သူတွေကိုလည်း အနုပညာရှင်လို့ မသတ်မှတ်ဘူး၊ အနုပညာသေတွေပဲ ဖြစ်တယ်။ ပြည်သူကနေပြီးတော့ ပေးတဲ့ ထိုက်တန်တဲ့ဆုကိုလည်း ရမှာမဟုတ်ဘူး။ အတုအယောင် လူသတ်ပြီးတော့ သွေးစွန်းနေတဲ့လက်နဲ့ ပေးမယ့် အကယ်ဒမီအတု သွေးစွန်းနေတဲ့ဆုကိုပဲ ရမှာဖြစ်တယ်။”

စစ်ကောင်စီအနေနဲ့ အကယ်ဒမီပေးပွဲကို ငွေကြေးများစွာ အသုံးပြုပြီး ကျင်းပဖို့ လုပ်နေသလို အနုပညာရှင်တွေကိုလည်း မဖြစ်မနေ ပွဲတက်ဖို့ အတင်းအကျပ် ဖိအားပေး ခြိမ်းခြောက်တာ၊ မက်လုံးပေး စည်းရုံးဖိတ်ခေါ်တာတွေ ရှိနေပါတယ်။

နိုင်ငံအနှံ့ စစ်ဘေးရှောင် ထွက်ပြေးနေရတဲ့ ပြည်သူတွေ အပါအဝင် တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို စာနာတဲ့အနေနဲ့ ပြည်သူလူထုတရပ်လုံးက အကယ်ဒမီပေးပွဲကို ပြင်းပြင်းထန်ထန် သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုထားတာပါ။

ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဋ္ဌက “ပြည်သူတွေအတွက် သပိတ်မှောက်ဖို့ နည်းလမ်းကတော့ ထင်ထင်ရှားရှား ရှိနေပါတယ်။ ဒါကတော့ လူမှုကွန်ရက်တွေပေါ်မှာ အကယ်ဒမီပေးပွဲက ဘယ်သူရသွားတယ်၊ ဘယ်ဝါသွားတယ်ဆိုတာ မမျှပေးဘူး။ အကယ်ဒမီ ပေးပွဲ လွှင့်တဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေးလိုင်းတွေဖြစ်တဲ့ MRTV, MWD, MRTV-4, Channel-7 ဒီလိုင်းတွေကို အကယ်ဒမီပေးပွဲရှိနေချိန်မှာ မကြည့်ဘူး။ တခြားချန်နယ်တွေ ကြည့်လို့ရတဲ့ ရုပ်ရှင်တွေ ဇာတ်ကားတွေ အများကြီးရှိပါတယ်။ အကယ်ဒမီပေးပွဲ အကြောင်းကို အချင်းချင်း ရပ်ကွက်ထဲမှာလည်း မမျှဘူးဆိုရင် ဒါ အကယ်ဒမီပေးပွဲကို Boycott လုပ်ပြီးသား ဖြစ်ပါတယ်။ အဲ့တော့ စစ်မှန်တဲ့နည်းလမ်းနဲ့ ပြတ်သားစွာ သပိတ်မှောက် Boycott လုပ်ကြဖို့ ကျနော်တို့ ရေဘဝဲက နှိုးဆော်တိုက်တွန်းလိုက်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး သူတို့ပုံရိပ်ကောင်းအောင် အနုပညာရှင်တွေကို အသုံးချပြီး အကယ်ဒမီပွဲကို ကျင်းပတာလို့ သွေးစွန်းအကယ်ဒမီ သပိတ်မှောက် ဆန္ဒပြခဲ့တဲ့ တော်လှန်လူငယ်တယောက်က မှတ်ချက်ပြုပါတယ်။

“တဖက်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်ဘဏ္ဍာ ငွေကြေးကို အလွဲသုံးစားလုပ်ပြီး သူတို့လုပ်ချင်တဲ့ လုပ်ဇာတ်တွေ ပွဲတွေအတွက် အကုန်အကျခံနေတာ၊ ရှေ့မှာ သင်္ကြန်ပွဲလိုမျိုး၊ ကဆုန်လပြည့်နေ့က လုပ်သွားတဲ့ ဆွမ်းဆန်စိမ်းလိုမျိုး ၁၁ မီးငြိမ်းအောင် ယတြာချေ လျှောက်လုပ်တဲ့ အရာတွေကော ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့သည် ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစားလုပ်ပြီး ပုံရိပ်ကို ပုံဖော်နေတာ ဖြစ်တယ်။ အကယ်ဒမီပေးပွဲလည်း ဒီတိုင်းပါပဲ။ သူတို့နဲ့ပူးပေါင်းပြီးတော့ လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကြေးကောက်ခံတယ်။ ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ဒီပွဲလုပ်မယ်။ တက်ရောက်လာမယ့် သူတွေကို ရွှေရင်ထိုးပေးမယ်ဆိုပြီး မက်လုံးတွေနဲ့ မြှူဆွယ်ပြီးတော့ လုပ်နေတာ ဖြစ်တဲ့အတွက် အထင်ကြီးစရာ တကွက်မှမရှိဘူး။ ပြည်သူ့ငွေကြေးဘဏ္ဍာကို အလွဲသုံးစားလုပ်နေတဲ့ လူတစု အကြမ်းဖက်တွေ သူခိုးဓားပြတွေလို့ပဲ ခပ်ရှင်းရှင်း မှတ်ချက်ပြုချင်ပါတယ်။”

စစ်ကောင်စီက ၃ နှစ်စာပေါင်းလုပ်မယ့် အကယ်ဒမီပေးပွဲမှာ ရွှေစင်ရုပ်တုတွေ အပါအဝင် ကုန်ကျစရိတ်အားလုံးကို နိုင်ငံတော်အသုံးစရိတ်ထဲကနေ မတည်သုံးစွဲသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောဆိုထားပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ အနုပညာရှင်တချို့က အကယ်ဒမီပေးပွဲ တက်ရောက်ဖို့ ဆန္ဒရှိကြပြီး အကယ်ဒမီပွဲမှာ စစ်ကောင်စီလက်အောက်ခံ အနုပညာရှင်တွေအပြင် ခံဝန်နဲ့ လွတ်လာတဲ့ အနုပညာရှင်တချို့ကို အကယ်ဒမီဆုတွေ ပေးနိုင်တယ်လို့ ခန့်မှန်း ပြောဆိုတာတွေ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013