DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် အကြိမ် ၆၀ ကျော် တိတ်တဆိတ် ပြောဆိုဆက်ဆံခဲ့ဟု အင်ဒိုနီးရှား ပြော
DVB
·
May 5, 2023
မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် အကြိမ် ၆၀ ကျော် တိတ်တဆိတ် ပြောဆိုဆက်ဆံခဲ့ဟု အင်ဒိုနီးရှား ပြော
Donate to DVB

အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ NUG အစိုးရ အပါအဝင် အာဏာသိမ်း စစ်ကောင်စီနဲ့ရော တိုင်ရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကိုပါ လပေါင်းများစွာကြာ တိတ်တဆိတ် ဆွေးနွေးပြောဆို ထိတွေ့ဆက်ဆံနေခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာစ်သတင်းဌာနကို အတည်ပြုပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာနဲ့အမျှ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့အတွက် အင်ဒိုနီးရှား နိုင်ငံက အခုလိုကြိုးပမ်းနေတာပါ။

ဒီနှစ်ရဲ့  အရှေ့တောင်အာရှနိုင်ငံများအသင်းမှာ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံက မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို အရှိန်လျှော့ချလာနိုင်အောင် နောက်ကွယ်ကနေ အစွမ်းကုန် လုပ်ဆောင်နေတယ်လို့ နိုင်ငံခြားဝန်ကြီးဖြစ်သူ ရတ်နို မာဆူဒီက ရိုက်တာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားပါတယ်။

ဒါဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအရေးမှာ အဓိကကျတဲ့ပါဝင်ပက်သက်သူတွေကို စားပွဲဝိုင်း ဆွေးနွေးပွဲဆီ ခေါ်ဆောင်နိုင်ဖို့အတွက် အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံးအကြိမ် ကြိုးပမ်းမှု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံက ပါဝင်ပတ်သက်သူအသီးသီးနဲ့ ဆွေးနွေးခဲ့တဲ့အပေါ်မှာ အသေးစိတ်ပြောကြားဖို့ကို ရတ်နိုက ငြင်းဆန်ခဲ့ပေမယ့်လည်း အင်ဒိုနီးရှားသံတမန်တွေဟာ အဘက်ဘက်က ပါဝင်သူအားလုံးနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့တယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်ကတည်းက မြန်မာစစ်ခေါင်းဆောင် ကိုယ်တိုင် သဘောတူညီထားတဲ့ အာဆီယံရဲ့ အချက် ၅ ချက်ပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်ဖို့ ပျက်ကွက်နေတာကြောင့် ဒီအပေါ်မှာ စိတ်ပျက်နေခဲ့ကြတာပါ။

ရတ်နိုမာဆူဒီက “အချက်ငါးချက်ပါ သဘောတူညီချက်အရ စစ်ကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ စသဖြင့် အားလုံးနီးပါးနဲ့ စေ့စပ်ညှိနှိုင်းခဲ့ပါတယ်၊ ဒါ့အပြင် အတတ်နိုင်ဆုံး အားလုံးပါဝင်နိုင်ရေးအတွက်ကိုပါ ကြိုးစားနေပါတယ်”လို့ပြောပါတယ်။ 

မြန်မာစစ်အစိုးရဲ့  ပြောရေးဆိုခွင့်ရှိသူနဲ့အတူ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့ကို ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ တောင်းဆိုရာမှာတော့ ချက်ချင်းတုံ့ပြန်မှု မရှိပါဘူး။

NUG အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ အာဆီယံဥက္ကဋ္ဌနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အပြင် “ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ပါ ကြိုးပမ်းနေတယ်”လို့  အတည်ပြုပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့အတူ စီးပွားရေးအရ မတည်ငြိမ်မှုတွေနဲ့ ပြည့်နှက်လို့နေပါတယ်။

မြန်မာစစ်တပ်ရဲ့ အတိုက်အခံတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် နိုင်ငံရေးသမားတချို့ဟာ ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသလို တချို့ကလည်း နိုင်ငံအနှံ့ရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။ 

ဒီအဖွဲ့တွေဟာ စစ်ကောင်စီကို တိုက်ခိုက်ရာမှာ NUG အစိုးရ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါ မဟာမိတ်ဖွဲ့ထားတာ ဖြစ်ပါတယ်။

လာမယ့်အပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေး မတိုင်ခင် ရတ်နိုက “အင်ဒိုနီးရှားဟာ သက်ဆိုင်သူတွေအကြား နက်ရှိုင်းစွာ ပြတ်တောက်နေတဲ့ ဟာကွက်အတွက် ပေါင်းကူးတံတားတစ်ခုအနေနဲ့ ဆက်လက်ဆောင်ရွက်ပေးနေတာ ဖြစ်တယ်"လို့  ပြောကြားသွားပါတယ်။

အာဆီယံခေါင်းဆောင်တွေအနေနဲ့လည်း စစ်ကောင်စီရဲ့  တိုးတက်မှုကင်းမဲ့ပြီး အတိုက်အခံ တွေအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုကို စိတ်ကုန်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အာဆီယံအစုအဖွဲ့က တိုးတက်မှုတစ်စုံတစ်ရာ မရှိမချင်း မြန်မာစစ်ဗိုလ်ချုပ်တွေကို အဆင့်မြင့်အစည်းအဝေးပွဲတွေမှာ တက်ရောက်ခွင့် တားမြစ်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဆိတ်ငြိမ်လှတဲ့ သံတမန်ရေးချဉ်းကပ်မှုနဲ့အတူ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်းတွေဖြစ်ကြတဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က အစိုးရနဲ့ အကြံပေးအဖွဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာ့အရေး ဖြေရှင်းပေးနိုင်ဖို့ရာ ပြီးခဲ့တဲ့လနှောင်းက နယူးဒေလီမြို့မှာ လျှို့ဝှက် တွေ့ဆုံခဲ့ကြပါတယ်။

ကိုးကား-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013