DVB Logo
Home
မြန်မာသတင်း
ဟုမ္မလင်းတွင် စစ်တပ်စခန်း ၂ ခုကို PDF သိမ်းပိုက်၊ စစ်တပ်နှင့် ဝေး‌ဝေးနေကြရန် PDF သတိပေး
DVB
·
May 5, 2023
ဟုမ္မလင်းတွင် စစ်တပ်စခန်း ၂ ခုကို PDF သိမ်းပိုက်၊ စစ်တပ်နှင့် ဝေး‌ဝေးနေကြရန် PDF သတိပေး
Donate to DVB

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်တပ်စခန်း ၂ ခုကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မေ ၄ ရက် မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အမည်မဖော်လိုသူ ဒေသခံအမျိုးသားတဦးက “ဒီနေ့မနက် ၄ နာရီကနေ ၈ နာရီလောက်အထိ တိုက်ပွဲဖြစ်တယ်။ နောင်ပိုအောင် နောက်ကြောဘက်က တောင်ဦးနဲ့ တောင်ဘို့လှရွာက စခန်းတွေကို PDF မဟာမိတ်ပူးပေါင်းအဖွဲ့က သိမ်းလိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲအတွင်း လက်ပစ်ဗုံးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိပြီး စစ်သား ၃၀ ကျော် ထိခိုက်သေဆုံးတယ်လို့ သိရ‌ပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေးသလို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကလည်း ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်ကလည်း ဖောင်းပြင်၊ ဟုမ္မလင်းနယ်အစပ် ချင်းတွင်းမြစ်ကမ်းနံဘေးရှိ သဖန်းဆိပ်၊ နောင်ဆွတ်ခါး၊ ကရွတ်သာ၊ နတ်ပမောင်း၊ နတ်စက် စတဲ့ကျေးရွာတွေဘက်ကို ဒေသတွင်း ‌ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်တပ်လက်အောက်ခံ ပျူစောထီးနဲ့ ဌာနေပြည်သူ့စစ်အဖွဲ့တို့ ကင်းလှည့်လာရာက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ယောက်သေဆုံး၊ ၂ ယောက် အပြင်းအထန် ဒဏ်ရာရကာ ၁ ဦးမှာ လက်ပြတ်သွားပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ Hommalin people's defence Force က ဧပြီ ၃၀ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း ဧပြီ ၂၈ ရက်က စတင်ကာ စစ်တပ်နဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရှိန်မြင့်တက်နေတဲ့အတွက် ပြည်သူတွေ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ လက်နက်ကိုင်တွေ တပ်စွဲ တပ်ထိုင် ကင်းထိုးတဲ့ နေရာတွေကနေ ဝေးဝေးနေကြဖို့ Hommalin people's defence Force-HPDF အဖွဲ့က မေလ ၄ ရက် နေ့လယ်မှာ အသိပေး ထုတ်ပြန်ပါတယ်။

ဒေသခံအမျိုးသမီးတဦးက “၂၈ ရက်နေ့ နောက်ပိုင်းကနေ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာ၊ မနေ့ကဆို နောင်ပိုအောင် နောက်ကျောဘက်က တောင်ဘို့လှ စစ်တပ်ကင်းစခန်းနဲ့ တောင်ပေါ်ကင်းစခန်းကို သိမ်းတယ်။ သောင်သွပ်ဘက်က ကင်းစခန်းတွေလည်း သိမ်းခံရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဟုမ္မလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF မဟာမိတ် ပူးပေါင်းတပ်တို့ ပင်ခုပ်၊ နတ်နန်းရွာတွေဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဟုမ္မလင်း၊ ဖောင်းပြင် နယ်စပ်မှာလည်း မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ လက်ရှိအချိန်မှာတော့ တိုက်ပွဲတွေ ခပ်စိပ်စိပ် ပြန်လည်ဖြစ်လာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

HPDF အဖွဲ့ တာဝန်ရှိသူက “မိဘပြည်သူတွေအနေနဲ့ အာဏာသိမ်း အကြမ်းဖက်စစ်တပ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ တပ်ထိုင်တဲ့နေရာ‌တွေ၊ လုံခြုံရေးကင်းထိုးတဲ့ နေရာတွေကနေ ဝေးဝေးရှောင်ဖို့ မေတ္တာရှေ့ထား အထူးသတိပေးအပ်ပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ရွှေပြည်အေးမြို့သစ်ကို ပြည်သူ့ကာကွယ်ရေးတပ် PDF မဟာမိတ်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လည်ဆုတ်ခွာကာ စစ်ရေးငြိမ်သက်သွားပြီးနောက် ဧပြီ ၂၈ ရက်မှာ တိုက်ပွဲတွေ ပြန်လည်စတင်ကာ စစ်ရေးအရှိန် ပြန်လည်မြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013