DVB Logo
Home
မြန်မာသတင်း
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၆၀ ကျော်ထိ မြင့်တက်
DVB
·
May 4, 2023
စစ်တပ်အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၆၀ ကျော်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၆၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၈၇၉ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မေ ၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၇၉၇ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲ ဖြစ်ပြီး အဲဒီထဲက ၅,၈၀၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူ ဦးရေကတော့ ၄,၀၈၂ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကဆုန်လပြည့် မနေ့က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ နိုင်ငံတဝန်း အကျဉ်းချခံထားရသူ အကျဉ်းသား ၂,၁၅၃ ယောက်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁) နဲ့ လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပြီး အေအေပီပီအနေနဲ့ ဒီကနေ့ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ ၁,၂၇၇ ယောက်ကို အတည်ပြုနိုင်ခဲ့ပြီး ၁၆၆ ယောက်ကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၂ ရက် ညနေပိုင်းက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ထဲက လှည်းလမ်းကူးကျေးရွာ၊ သရက်တန်းကျေးရွာ၊ ကျွဲလမ်းကျေးရွာနဲ့ ဘုမ္မတီးကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျွဲလမ်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ မစုလှိုင်အေးကို ကျည်စထိမှန်ကာ ဦးခေါင်းနဲ့ လက်ပြတ်ပြီး နေရာတင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လှည်းလမ်းကူးကျေးရွာက တိုက်နယ်ဆေးရုံလည်း ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းကို ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း-၃၇၀၁ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၂၇၊ ၂၈ ရက်နဲ့ မေ ၁ ရက်နေ့တွေမှာ အကြမ်းဖက်စစ်အုပ်စုတပ်က ဝေါမြို့နယ်က ညောင်ခါးရှည်ကျေးရွာ၊ ချောင်းကျိုးကျေးရွာ၊ ဝင်းကဒတ်ကျေးရွာနဲ့ ဖိုးစပါယ်ကျေးရွာက ဒေသခံ ၃ဝ ကျော်ကို ဖမ်းဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေကိုတော့ ဝေါမြို့နယ်ရဲစခန်းနဲ့ ဘုရားကြီးမြို့က စစ်ကြောရေးစခန်းမှာ စစ်ဆေးနေတယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013