DVB Logo
Home
Lead Story
စနစ်တကျ အစားထိုးရမည့် ခုခံစစ်ကာလ အုပ်ချုပ်ရေး
DVB
·
May 4, 2023
စနစ်တကျ အစားထိုးရမည့် ခုခံစစ်ကာလ အုပ်ချုပ်ရေး
Donate to DVB

နိုင်ငံတခုအား တည်ဆောက်ရာတွင် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးတို့မှာ အလွန်အရေးကြီးသော မဏ္ဍိုင်ကြီးများ ဖြစ်သည်။ ထိုမဏ္ဍိုင်ကြီးများ အချင်းချင်း ထိန်းညှိ ကွပ်ကဲခြင်းဖြင့် ပြည်သူတို့ကို တရားဥပဒေစိုးမိုးသည့် သာယာဝပြောမှု ဆောင်ကြဉ်းပေးနိုင်သော အစိုးရသည် ပြည်သူ့နှလုံးသားကို သိမ်းပိုက်နိုင်သူများ ဖြစ်လာကြသည်။ ပြောင်းပြန်အားဖြင့် ထိုသို့ မဆောင်ရွက်နိုင်သော အစိုးရများသည် ကျရှုံးသူများ သို့မဟုတ် အာဏာရှင်များ ဖြစ်လာကြသည်။

မိမိတို့ ယခုအခြေအနေသည် အာဏာရှင်များအား ခုခံတွန်းလှန်ရင်း ပြည်သူ့အုပ်ချုပ်ရေး အာဏာဖြင့် အစားထိုးနိုင်ရန် ကြိုးပမ်းနေဆဲကာလ ဖြစ်သည်။ ထို့ကြောင့် ခုခံစစ် ဆင်နွှဲနေသူများအနေဖြင့် မိမိတို့ ထိန်းချုပ်နိုင်သော နယ်မြေများတွင် စစ်ပွဲကာလ အုပ်ချုပ်ရေး အဖြစ်နှင့် အုပ်ချုပ်နေရကြောင်း တွေ့ရသည်။

မည်သို့ပင်ဖြစ်စေ အုပ်ချုပ်ရေးနှင့်အတူ ကျွဲကူးရေပါ ပါလာသော တရားစီရင်ရေးသည် အလွန်အရေးကြီးသော အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိနေပါသည်။ အရေးပေါ်ကာလ တရားစီရင်‌ရေးများတွင် ပြစ်မှုကြီးများအတွက် ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ထားရှိကြသော်လည်း တရားစီရင်ရာတွင် ပွင့်လင်းမျှတရန် စီစဉ်ဆောင်ရွက်ကြကြောင်း တွေ့ရသည်။

နိုင်ငံတကာတွင်လည်း စစ်ပွဲအရေးပေါ်ကာလများတွင် ရှေ့တန်းနယ်မြေများအား အရေးပေါ်အခြေအနေ ကြေညာပြီး အုပ်ချုပ်ကြောင်း တွေ့ရ၏။ သို့သော် အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်ရသော အဖွဲ့ဝင်များကို တတ်နိုင်သမျှ စစ်တပ်မဆန်စေအောင် လေ့ကျင့်ပေးထားကြပါသည်။ လက်နက်တပ်ဆင်မှုကစ မိမိကိုယ်ကိုယ် ကာကွယ်နိုင်ရန် လိုအပ်သလောက်သာ တပ်ဆင်ထား၏။

မိမိတို့အခြေအနေကို ပြန်ကြည့်ပါက ခုခံစစ်အတွက် လုံးပန်းနေရသည်ဖြစ်ရာ အုပ်ချုပ်ရေးအဖွဲ့များပါ စစ်တပ်ဆန်နေကြောင်း တွေ့ရသည်။ စစ်ပွဲကာလအခြေအနေအရ တိုက်ခိုက်ရေးလက်နက်များ တပ်ဆင်ထားစေကာမူအုပ်ချုပ်ရေးအဖွဲ့များကို တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ကိုင်ဆောင်လက်နက်အား လိုသလောက်သာ သုံးစေရန် လေ့ကျင့်ပေးထားသင့်ပါသည်။ ထို့အတူ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ လုပ်ဆောင်နိုင်စေရန်၊ ပြည်သူတို့နှင့် ဆက်ဆံရာတွင် အဆင်ပြေ ချောမွေ့စေရန် စနစ်တကျ လေ့ကျင့်ပေးရမည် ဖြစ်သည်။

စစ်တပ်အတွက် စစ်မြေပြင်စည်းကမ်းများ၊ ထိတွေ့တိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများ၊ ဆောင်ရန်‌ ရှောင်ရန် ကျင့်ဝတ်များဖြင့် ထားရှိကိုင်တွယ်သလိုပင် အရပ်ဘက်အုပ်ချုပ်ရေး အဖွဲ့များကိုလည်း အုပ်ချုပ်ရေးအတွက် သီးသန့်ရည်ရွယ် လေ့ကျင့်ပေးမှုများ အထူးလိုအပ်နေပြီ ဖြစ်သည်။

သာမန်ကာလများကဲ့သို့ မပြည့်စုံနိုင်သည့်တိုင် အခြေအနေနှင့်ကိုက်ညီသော ပြစ်မှု၊ ပြစ်ဒဏ် အလိုက် တရားစီရင်မှု မျှတပွင့်လင်းသော တရားစီရင်ရေးတရပ်သည်ကား ဖြစ်နိုင်ကောင်းသောအရာ ဖြစ်သည်။ online အသုံးချ သင်ကြားရေးမှသည် ရနိုင်သမျှသော ရင်းမြစ်များဖြင့် ရွေးချယ်လေ့ကျင့်ထားသော အုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ အရည်အချင်းသည်လည်း ထိန်းချုပ်နယ်မြေများအတွင်း ပြည်သူလူထု၏ အားကိုးယုံကြည်မှု၊ အားပေးထောက်ခံမှုများကို မြင့်တက်စေကာ မိမိတို့၏အုပ်ချုပ်ရေး အခြေခိုင်စေမည် ဖြစ်သည်။

ထိုအကြောင်းအရာများကို ဆင်ခြင်ကာ ကျွမ်းကျင်ပညာရှင်များ အကူအညီဖြင့် စနစ်ကျသော အုပ်ချုပ်ရေးယန္တရားများ ဖွဲ့စည်းအုပ်ချုပ်ခြင်းသည်လည်း ခုခံတော်လှန်စစ်၏ အရေးကြီးလှသော လုပ်ငန်းတခုဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

ညိုသူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013