DVB Logo
Home
မြန်မာသတင်း
သပိတ်ကျင်းနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရ
DVB
·
May 4, 2023
သပိတ်ကျင်းနှင့် မြိုင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများ မိုင်းဆွဲ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်၊ ရွှေကိုးပင်လမ်းပေါက်မှာ မေလ ၂ ရက် ည ၉ နာရီက စစ်​ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား ၇ ဦးပါလာပြီး အင်းနက်ရွာက ထွက်လာတဲ့ Double Cup Four Wheels ကားအဖြူတစီးကို မိုင်း ၄ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ မာမီက ပြောပါတယ်။

“၇ ယောက်ပါတာ၊ ၃ ယောက်က ပွဲချင်းပြီး၊ ၃ ယောက်က ဒဏ်ရာရတာ၊ ရှေ့ကမောင်းတဲ့သူက ခံသာသွားတာ၊ နောက်က ၄ ယောက်ပါတာ၊ ၃ ယောက်သေတယ်။ မိုင်းလေးလုံး တခါတည်းကွဲပြီး ကားပါပျက်စီးသွားတာ။ တည့်ထိသွားတာ။ ကားပါ တခါတည်း ထိုးရပ်သွားတာ။ စစ်သားတွေလည်း လွင့်ထွက်သွားတယ်။”

စစ်ကောင်စီတပ်က ပျက်စီးသွားတဲ့ကားနဲ့ သေဆုံးသွားတဲ့ စစ်သား ၃ ဦးနဲ့ ဒဏ်ရာရစစ်သား ၃ ဦးကို မနေ့ညက ပြန်သယ်သွားပြီး တကောင်းဆေးရုံကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို တကောင်းပကဖနဲ့ လျှပ်စီးပြောက်ကျားတပ်ဖွဲ့တို့ လုပ်ဆောင်ခဲ့ကြောင်း တကောင်းပကဖက ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာလည်း မေ ၂ ရက် မနက်က ရဲနဲ့ ပျူစောထီးတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် ၁ ယောက် အပါအဝင် ၂ ယောက်သေဆုံးကာ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာနဲ့ စိုတော ပျူစောထီးရွာကြားမှာ မေ ၂ ရက် မနက် ၆ နာရီလောက်က ပျူစောထီးတွေ ကူးသန်းသွားလာနေတယ်လို့ အတွင်းသတင်းရတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်တိုက်ခိုက်ခဲ့တာလို့ မြိုင်ပကဖ တပ်ရင်း-၁၊ တပ်ခွဲ-၂ ဂဠုန်တပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ရဲဘော်ဇေယျာက ဒီဗွီဘီကို ပြောပါတယ်။

“သရက်ကန်ရွာမှာက စစ်ကောင်စီတပ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီး အင်အား ၈၀ လောက် အထိုင်ချ တပ်စွဲထားတာဗျ။ သရက်ကန်နဲ့ စိုတောရွာက မီတာ ၆၀၀ လောက်ပဲ ကွာတာ။ အဲဒီ ၂ ရွာ ကူးသန်းသွားလာနေတုန်း သတင်းအတိအကျရလို့ တိုက်ခိုက်ခဲ့တာ။”

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲတပ်ကြပ်တယောက်နဲ့ ပျူစောထီးတယောက် သေဆုံးပြီး ပျူစောထီးတယောက်ကတော့ အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အလောင်းတွေဘေးမှာ ပတ်ပတ်လည်ဝိုင်းနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကိုလည်း ဒရုန်းနဲ့ အီနာဂါဗုံးသီး ၃ လုံး ဖြုတ်ချတိုက်ခိုက်ခဲ့ပြီး ထိခိုက်တဲ့ အခြေအနေကိုတော့ အတိအကျ မသိရသေးဘူးလို့ ပြောပါတယ်။

မြိုင်မြို့နယ်၊ ဖလံကိုင်းရေနံမြေမှာ ဧပြီ ၂၉ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး တပ်ကြပ်ကြီး ၂ ယောက်သေဆုံးကာ ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင် ပကဖကနေ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013