DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ-မြန်မာ တိုက်ရိုက်ကုန်သွယ်မည့် စစ်တွေဆိပ်ကမ်း ဖွင့်လှစ်မည်
DVB
·
May 4, 2023
အိန္ဒိယ-မြန်မာ တိုက်ရိုက်ကုန်သွယ်မည့် စစ်တွေဆိပ်ကမ်း ဖွင့်လှစ်မည်
Donate to DVB

အိန္ဒိယနဲ့ မြန်မာတိုက်ရိုက်ကုန်သွယ်နိုင်မယ့် အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းကို မကြာမီ ရက်ပိုင်းအတွင်း ဖွင့်လှစ်ဖို့ရှိနေပါတယ်။ 

လက်ရှိမှာ အိန္ဒိယနိုင်ငံ ကာလကတ္တားဆိပ်ကမ်းကနေ စစ်တွေဆိပ်ကမ်းကို ဘိလပ်မြေ တန်ချိန် ၃,၀၀၀ ကျော် ပထမဆုံး စတင်သယ်ယူလာနေ​ပြီး စစ်တွေရှိ အိန္ဒိယဆိပ်ကမ်းကို လာမယ့် မေလ ၉ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပါတယ်။

အခုလိုတိုက်ရိုက်ကုန်သွယ်မှုဟာ ရေရှည်မှာ အလုပ်မဖြစ်နိုင်ကြောင်း ရခိုင်ကုန်သည်ကြီးတွေက သုံးသပ်ပြောပါတယ်။

ရခိုင်ကုန်သည်ကြီးတဦးက “နှစ်နိုင်ငံကုန်သွယ်မှုက ရေရှည်မှာ အလုပ်မဖြစ်နိုင်ဘူးဗျ။ ဘာအတွက်လဲဆိုတော့ ရခိုင်ကထွက်ကုန်တွေက မရှိသလောက် နည်းပါးတယ်။ ရခိုင်ပြည်သူတွေတောင် ပြည်မကကုန်တွေကို အားကိုးနေရတာလေ။ ရခိုင်ကထွက်တဲ့ ရေထွက်ပစ္စည်းတွေကတော့ တရုတ်က အဓိကဝယ်နေတာ။ အိန္ဒိကလိုအပ်တဲ့ ကုန်စည်တွေ ရခိုင်မှာ မရှိသလောက်ပါ။ မြန်မာဘက်ကို တင်သွင်းတဲ့ အိန္ဒိယက သွင်းကုန်တွေကလည်း စစ်တွေမှာပဲ ချရမယ်ဆိုတော့ ပြည်မဘက်ကို သယ်ယူကြေးက ရှိပြန်သေးတယ်ဆိုတော့ မလွယ်လောက်ဘူး” လို့ ပြောပါတယ်။

မြန်မာဘက်က စစ်တွေဆိပ်ကမ်းကို အသုံးပြုပြီး အိန္ဒိယနိုင်ငံက လိုအပ်တဲ့ ကုန်ခြောက်တွေကိုသာ တင်ပို့မှာဖြစ်ပေမဲ့ တန်ချိန် ၅,၀၀၀ မှ ၆,၀၀၀ အထိ သင်္ဘောတွေမှာ ကုန်စည်အပြည့်ရရှိဖို့ အလွန်အခက်အခဲ ဖြစ်လာနိုင်ကြောင်း ကုန်သည်ကြီးတွေက သုံးသပ်ပြောဆိုကြပါတယ်။

“ပြောရမယ်ဆိုလို့ရှိရင် ရယ်စရာတောင် ဖြစ်နေတယ်ဗျ။ တန်ချိန် ၅,၀၀၀ နဲ့ ၆,၀၀၀ သင်္ဘောတစီး ကုန်ပြည့်ဖို့ဆိုတာ အလွယ်လေးမဟုတ်ဘူး။ ရခိုင်ကထွက်တဲ့ ဘာကုန်တွေ သယ်ယူကြမလဲပေါ့လေ။ ရခိုင်က အများဆုံးထွက်တဲ့ ဆန်ဆိုရင်တောင် သူတို့ကြိုက်မှ တန် ၅,၀၀၀ လောက်ရမှာ။ နောက် ဘာကုန်မှမရှိဘူး။ သင်္ဘောတစီးပြည့်ဖို့ လပေါင်းများစွာ ကြာသွားမယ်။ ပြည်မဘက်က ကားတွေနဲ့ စစ်တွေကို သယ်လာရဦးမှာလေ။ ဘယ်ကုန်မဆို အချိန်ကြာလာရင် ပျက်စီးသွားတဲ့အဆင့် ရောက်သွားမှာပဲ။ ဘယ်ကုန်သည်မှ ဒီလိုအလုပ်ကို လုပ်ကြမှာမဟုတ်ဘူး။”

အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးစီမံကိန်းတခုဖြစ်တဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMIT) ရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ စစ်တွေဆိပ်ကမ်းသစ်ကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ထားတာဖြစ်ပါတယ်။

 ၅၃၉ ကီလိုမီတာ ဝေးကွာတဲ့ အိန္ဒိယနိုင်ငံ ကာလက္ကတားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ စစ်တွေမြို့ စစ်တွေဆိပ်ကမ်းကို တန်ချိန် ၅,၀၀၀-၆,၀၀၀ သင်္ဘောတွေ ပြေးဆွဲဖို့ ပြင်ဆင်ထားကာ အိန္ဒိယနဲ့ မြန်မာ တိုက်ရိုက်ကုန်သွယ်မှုကို ဦးစားပေး ဆောင်ရွက်သွားဖို့ အိန္ဒိယအစိုးရက ကြိုးစားပြင်ဆင်နေပေမဲ့ အိန္ဒိယဘက်က လိုအပ်တဲ့ကုန်တွေ ရခိုင်ဒေသမှာ အပြည့်အဝမရှိ ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013