DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် ကုလထပ်မံတောင်းဆို
DVB
·
May 4, 2023
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ရန် ကုလထပ်မံတောင်းဆို
Donate to DVB

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာအာဏာသိမ်းစစ်တပ်ကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

မေလ ၃ ရက်က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးအကျဥ်းသား ၂၀၀၀ ကျော် ပြန်လွှတ်ပေးမှုနဲ့  ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နိုလင်းဟေဇာရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းထောက်တဦးရဲ့ မေးမြန်းချက်ကို အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက် ပြောခွင့်ရသူ ဖာရန်ဟတ်က  ဖြေဆိုရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဖာရန်ဟတ်က “တရုတ်နိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး တစုံတရာဆက်စပ်မှုရှိတယ်လို့တော့ ကျနော်မပြောနိုင်ပါဘူး။ ကျနော်တို့ဘက်က ပြောနိုင်တာကတော့ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံ အကျဥ်းသားတွေကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ကြေညာလိုက်တဲ့အပေါ် အတွင်းရေးမှူးချုပ်က အားတက်ပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ်က ထပ်လောင်း တောင်းဆိုပါတယ်”လို့ပြောပါတယ်။

မြန်မာမှာ ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ၊ အရပ်သားတွေအပေါ် ခွဲခြားဖိနှိပ်ဆက်ဆံ တိုက်ခိုက်မှုတွေနဲ့ မြန်မာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တရားမဲ့ ဖမ်းဆီးမှုတွေ အပေါ်အလွန်အမင်း စိုးရိမ်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ တရုတ်နိုင်ငံ ပေကျင်းမြို့ကို အခုသီတင်းပတ်  မေ ၁ ရက်ကနေ  ၂ ရက်အထိ ပထမဆုံးအကြိမ်  သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဂန်းနဲ့ရော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံ အထူးကိုယ်စားလှယ် တိန်ရှီကျင်းနဲ့ပါ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။  

ဒီခရီးစဉ်မှာ မစ္စနိုလင်းဟေဇာက မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး၊ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးရေးနဲ့  နိုင်ငံတည်ငြိမ်ရေးကို ဦးတည်ပြီးတော့ လက်ရှိမြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခအကျပ်အတည်းကို  နိုင်ငံတကာက ပြင်းပြင်းထန်ထန် တုံ့ပြန်ဖို့အတွက် သြဇာလွှမ်းမိုးနိုင်တဲ့ အိမ်နီးချင်းနိုင်ငံတွေပါဝင်တဲ့ ညီညွတ်တဲ့ဒေသတွင်း ကြိုးပမ်းမှုတခုလိုအပ်တယ်လို့ အလေးထားပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန် ပြောဆိုပါတယ်။ 

ဒါ့အပြင် မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ အညီ  စနိုလင်းဟေဇာအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်နဲ့ အနီးကပ် ဆက်လက် ပူးပေါင်းဆောင်ရွက်နေပြီးတော့  အကြမ်းဖက်မှုတွေ လျော့နည်းသွားစေဖို့နဲ့ တာရှည်ခံတဲ့ နိုင်ငံရေး အဖြေတခုရရှိရေးအတွက်   ပြည်သူ့ဆန္ဒနဲ့ လိုအပ်ချက်တွေအရ မြန်မာပြည်သူတွေဦးဆောင်တဲ့   ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တခုကို ရှာဖွေနေတယ်လို့လည်း ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းဟာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနဲ့ တွေ့ဆုံအပြီးမှာ မြန်မာနိုင်ငံကို ဆက်လက်သွားရောက်ကာ  နေပြည်တော်မှာ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားရောက်ပြီး နောက်တနေ့ ကဆုန်လပြည့်နေ့မှာပဲ နိုင်ငံတဝန်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၂,၁၅၃ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သလို သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၈ ဦးကိုလည်း ထောင်ဒဏ် တသက်သို့ ပြောင်းလဲကျခံစေဖို့ စစ်ကောင်စီက အမိန့် ထုတ်ပြန်လိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013