DVB Logo
Home
မြန်မာသတင်း
၂ နှစ်ကျော်အတွင်း စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၄၆၀ ခန့်ထိ မြင့်တက်
DVB
·
May 4, 2023
၂ နှစ်ကျော်အတွင်း စစ်အုပ်စု ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၃၄၆၀ ခန့်ထိ မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ် ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၄၅၉ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၂၁,၈၅၀ ယောက် ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မေ ၃ ရက်အထိ အေ အေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၈၄၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၈၁၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်း သိမ်းခံနေရသူ အရေအတွက်ကတော့ ၁၁၂ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ် ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချ မှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၄ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၄,၀၀၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက ကဆုန်လပြည့်နေ့ ဒီကနေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ နိုင်ငံတဝန်း အကျဉ်းသား ၂၁၅၃ ယောက်ကို လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့ပေမယ့် အေအေပီပီအနေနဲ့ မေ ၃ ရက် ညနေ မြန်မာစံတော်ချိန် ၅ နာရီအထိ ကိန်းဂဏန်းအရ ၁,၂၇၇ ယောက်ကို အတည်ပြုနိုင်ခဲ့ပြီး ၉၆ ယောက်ကိုသာ အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံထားရတဲ့ ဒသမတန်း ကျောင်းသား ကို အောင်ချမ်းမြေ့ကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်မှာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၂ နှစ် ထပ်မံ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

ကိုအောင်ချမ်းမြေ့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ တို့နဲ့ သေဒဏ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ ၁ ရက်မှာတော့ သေဒဏ်ကနေ ထောင်ဒဏ် တသက်တကျွန်းအဖြစ် ပြောင်းလဲချမှတ်ခဲ့တာပါ။ 

သူဟာ ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၁ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် ၃ နှစ်နဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်က ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၁ (က) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ထားပြီး ဖြစ်တာကြောင့် စုစုပေါင်း ထောင်ဒဏ် တသက်တကျွန်းနဲ့ ၁၈ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။ 

ကိုအောင်ချမ်းမြေ့ကို အကြမ်း ဖက်စစ်အုပ်စုတပ်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်က သူ့ရဲ့ နေအိမ်မှာ လာရောက်ဖမ်းဆီးသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဧပြီ ၂၇ ရက်ကလည်း ပဲခူးတိုင်း၊ လက်ပံတန်းမြို့ ဒေသခံ ၂ ယောက်ဖြစ်တဲ့ ကို ပြည့်ဖြိုးဦးနဲ့ ကိုကောင်းခန့်ဖြိုးတို့ကို သာယာဝတီထောင်တွင်း အထူးတရားရုံးကနေ ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ 

သာယာဝတီထောင်မှာ ဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ ကိုပြည့်ဖြိုးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၄ တို့နဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ကိုကောင်းခန့်ဖြိုးကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး သူတို့ ၂ ယောက်ကို NUG အစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကို အားပေးထောက်ခံတယ်လို့ စွပ်စွဲပြီးတော့ အကြမ်းဖက်စစ်အုပ်စုတပ်က ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၇ ရက်တုန်းက ဖမ်းဆီးခဲ့တာဖြစ် တယ်လို့ အေအေပီပီက ပြောပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013