DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ သတင်းစာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးအခြေအနေရောက်နေ
DVB
·
May 3, 2023
မြန်မာနိုင်ငံ၏ သတင်းစာနယ်ဇင်းလွတ်လပ်ခွင့် အဆိုးဆုံးအခြေအနေရောက်နေ
1 / 2
Donate to DVB

ဒီနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာနဲ့ စပ်ဆက်လုပ်ငန်းတွေလုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်နဲ့ သတင်းထောက်အဖြစ် လုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၀ ဖမ်းဆီးခံခဲ့ရပါတယ်။

လက်ရှိအကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား အယောက် ၆၀ လောက်က အကျဥ်းချခံနေဆဲဖြစ်ပြီး ၄ ဦးက သေဆုံးခဲ့ရတယ်။ ဒါ့အပြင် ဖမ်းဝရမ်းထုတ်ပြီး တရားစွဲခံထားရတဲ့ သတင်းသမား ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာနေပြီး သတင်းအလုပ်တွေကိုလုပ်ကိုင်တဲ့အခါမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းရင်းမြစ်တွေ ရှာဖွေဖို့ ခက်ခဲပြီး တိကျခိုင်မာတဲ့သတင်းတွေရဖို့ ခက်ခဲနေတဲ့အကြောင်းကို ရခိုင်ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Western News  အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက DVB ကို ပြောပါတယ်၊

“စစ်ကောင်စီဘက်ကတော့ ကျနော်တို့ မီဒီယာသမားတွေနဲ့ သတင်းဌာနတွေကို နှိပ်ကွပ်တာ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်၊ သတင်းလိုက်တဲ့အခါမှာလည်း မီဒီယာသမားတွေ မေးတဲ့ အခါမှာလည်း သူတို့ မဖြေရဲတာတွေရှိတယ်ပေါ့ သတင်းမှန်မှန်ကန်ကန်ရဖို့ ပိုပြီး ခက်ခဲသွားရတဲ့ အနေအထားတွေရှိတယ်ပေါ့လေ။ ကျနော့်ကိုဆိုရင် ၁၂၄ လို ပုဒ်မကြီးကြီးနဲ့ တရားစွဲထားတယ်ပေါ့နော် နောက်ရုံးတွေကိုလည်း တောက်လျှောက် ပိတ်ဆို့ပြီး ရှာဖွေတာတွေ စုံစမ်းမေးမြန်းတာတွေ တောက်လျှောက် လုပ်နေတာပေါ့လေ။ သတင်းထုတ်လုပ်ခွင့်မှာလည်း လွတ်လပ်ပိုင်ခွင့်တွေ မရှိတော့ဘူးလို့ ကျနော်တို့ ပြောလို့ရတာပေါ့။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကလည်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတယ်လို့ ပြောလို့ရတယ်ပေါ့။”

စစ်တပ်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ လွတ်လွပ်လပ်လပ် သတင်းရယူ တင်ဆက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ပြည်ပထွက်ပြီး သတင်းအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတဲ့ မြန်မာသတင်းသမားတွေ ရာကျော်ရှိနေပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားတဲ့ အခြေအနေတွေ၊ ပုဒ်မတွေ တပ်ပြီး တရားစွဲအမှု ဖွင့်ခံထားတဲ့ အခြေအနေတွေကြောင့် သတင်းသမားအများစုက တရားမဝင်လမ်းကြောင်းတွေကနေ ပြည်ပနိုင်ငံတွေမှာ နေထိုင်လုပ်ကိုင် နေကြရပါတယ်။ ပြည်ပမှာနေထိုင်ရင်း သတင်းတွေ တင်ဆက်နေရပေမယ့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို နေ့စဉ် ခံစားနေတယ်လို့ ပြည်ပရောက် အမျိုးသမီးသတင်းထောက်တစ်ယောက်ကလည်း ပြောပါတယ်။

“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့လို့ ပြောပေမယ့် ကျမတို့ မြန်မာနိုင်ငံတော့ မပါဘူးလို့ပဲ ပြောရမှာပေါ့။ ပြောရေးဆိုခွင့် ဆိုတာလည်း ကိုယ့် fb မှတောင် ပြောလို့မရတာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာတော့ ပိုဆိုးတာပေါ့နော်။ လုံးဝကို ဇီးရိုးပြသွားတဲ့ အနေအထားမှာ ရှိတယ်။ နောက်တခုက ပြည်ပမှာနေရတဲ့ အခြေအနေ၊ အခုက ဝင်လာတဲ့ လူတော်တော်များများက အများစုလို့ ပြောရမယ် ထင်တယ်။ တရားမဝင်လမ်းကြောင်းကနေ လာကြတာ များတယ်။ နေထိုင်တဲ့အခါမှာ သူတို့ဥပဒေနဲ့ ဘယ်လောက်ပဲ ညီအောင်နေနေ ဘာသာစကားရော လုပ်ထားတဲ့ကတ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတဲ့အခါမှာ စိတ်မလုံခြုံမှုက များတယ်။ သူတို့ ဥပဒေဘောင်အပြင်ကို ရောက်နေတဲ့အခါကျတော့ ညီမတို့ဆို work permit တွေ ဘာတွေမရှိတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ရတယ်ပေါ့” လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ Mizzima, DVB, 7 Day တို့လို့ ရုပ်သံသတင်းဌာနတွေ အပါအဝင်  ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခု ထိရှိခဲ့ပါတယ်၊ စစ်တပ် လက်အောက်မှာ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမားတွေနဲ့ သူတို့မိသားစုတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းပေးဖို့ကို ဝါရင့်သတင်းစာဆရာတစ်ယောက်က တောင်းဆိုပါတယ်။

“သတင်းသမား ၅၀ ကျော် ဖမ်းဆီးခံရတဲ့ ကိစ္စက ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေတယ်။ သတင်းကို လွတ်လွတ်လပ်လပ် မှန်ကန်တဲ့ ပြည့်စုံတဲ့သတင်းတွေကို ရရှိဖို့ အခွင့်အရေးကို ဒီဟာကြီးက ပိတ်ဆို့ထားသလို ဖြစ်နေတာပေါ့။ ပြီးရင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေရော သတင်းလွတ်လပ်ခွင့်အတွက် ကြိုးစားနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ သတင်းသမားတွေအတွက်ရော သူတို့ရဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ၊ သူတို့မိသားစုတွေ ကြုံတွေ့နေရတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင်အထဲမှာ ကြုံတွေနေရတဲ့ဟာတွေ ဒါတွေကို မေ့မထားဘဲနဲ့ ကူညီ ဖြေရှင်းပေးကြဖို့ကို မြန်မာသတင်းသမားတွေရော နိုင်ငံတကာက အဖွဲ့အစည်းတွေရော မေတ္တာရပ်ခံချင်ပါတယ် တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၃ မှာ ရှိနေပါတယ်။ 

အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ညွှန်းကိန်းအဆင့် ၁၃၉ ရှိရာကနေ သုံးနှစ်အတွင်းမှာ အဆင့် ၃၀ ကျော် ကျဆင်းခဲ့တာပါ။ မြန်မာနိုင်ငံဟာ အီရန်နဲ့ တရုတ်နိုင်ငံတို့ ပြီးရင် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတဲ့ နေရာမှာ တတိယ အဆိုးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013