DVB Logo
Home
မြန်မာသတင်း
ပွေးကျစ်ရဲစခန်းကို PDF စီးနင်းတိုက်ခိုက်သဖြင့် ရဲ ၂ ဦးသေဆုံး၊ နွားထိုးကြီးရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေ
DVB
·
May 3, 2023
ပွေးကျစ်ရဲစခန်းကို PDF စီးနင်းတိုက်ခိုက်သဖြင့် ရဲ ၂ ဦးသေဆုံး၊ နွားထိုးကြီးရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ  ပွေးကျစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မေလ ၂  ရက်နေ့မှာ တိုက်ခိုက်  သိမ်းပိုက်မီးရှို့ဖျက်ဆီးခဲ့ပြီး  ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး ၁ ဦး ဒဏ်ရာရကာ  လက်နက်ခဲယမ်းတွေ သိမ်းဆီးရမိခဲ့တယ်လို့  NUG ကာကွယ်ရေးဌာနက ကြေညာပါတယ်။ 

မနေ့ နေ့လယ် ၂ နာရီလောက်က  PDF မြင်းခြံခရိုင်၊ တပ်ရင်း (၃)နဲ့ ပူးပေါင်းအဖွဲ့တွေက ပွေးကျစ်ရဲစခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်ကပြန်လည်ပစ်ခတ်နိုင်ခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။

ပွေးကျစ်ရဲစခန်းမှာ အင်အား ၁၃  ဦးလောက်သာရှိပြီး ၈ ဦးက တရားရုံးသွားနေချိန် လျှပ်တပြက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရဲမိသားစုဝင် အမျိုးသမီးနဲ့ ကလေးတွေကိုတော့ လွှတ်ပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ 

တိုက်ပွဲပီးဆုံးချိန်မှာ ပွေးကျစ်ရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး G-4 (၁) လက်၊ G-3 (၂) လက်၊ အူစီ (၁) လက်၊ ခြောက်လုံးပူး (၄) လက်၊ လက်ပစ်ဗုံး (၈) လုံး၊ ရုံးသုံး Laptop (၁) လုံး၊ ကျင်စက် (၂) ခု၊ လက်ထိတ် (၁) ခုနှင့် ကျည် (၉၃၅) တောင့် သိမ်းဆည်းရမိခဲ့ပါတယ်။ 

ပွေးကျစ်ရဲစခန်းတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း အမှတ်(၃)၊ ညောင်ဦး PDF၊ ကျောက်ပန်းတောင်း PDF၊ ဒီပဲရင်း PDFနဲ့ Burmese Guerrilla Force တို့ ပူးပေါင်းပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာလည်း  နွားထိုးကြီး မြို့မရဲစခန်းကို ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ရဲကား ၁ စီး မီးလောင်ပြီး ရဲ ၁ ဦး သေဆုံးတယ်လို့ Natogyi People Defence Force (NPDF) က ထုတ်ပြန်ပါတယ်။

မေလ ၁ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က နွားထိုးကြီးမြို့မရဲစခန်းကို အီနာဂါဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ရဲတွေ အမြဲတမ်းအသုံးပြုနေတဲ့ မတ်ခ်တူးကား ၁ စီး မီးလောင်ပျက်စီးပြီး ရဲ ၁ ဦး သေဆုံးကာ ရဲ ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ Natogyi People Defence Force (NPDF) တာဝန်ရှိသူက ပြောပါတယ်။

နွားထိုးကြီး NPDF မှ တာဝန်ရှိသူက“မြို့မရဲစခန်းမှာ တချိန်ချတယ်။ ဗုံးတွေချပြီးတော့ ကားဘေးမှာ စုပြုံထိုင်နေတဲ့ ရဲ ၅ ကောင်ရှိတာ ၁ ကောင်သေတယ်၊ ၄ ကောင်က အပြင်းအထန် ဒဏ်ရာရတယ်။ အခုလောလောဆယ် နွားထိုးကြီိးဆေးရုံမှာပဲလို့ သိပါတယ်။ သူတို့အမြဲတမ်းသုံးနေတဲ့ မတ်ခ်တူးကား ၁ စီး မီးလောင်တယ်။ မီးလောင်တဲ့အချိန်မှာ နွားထိုးကြီးက မီးသတ်ကားတွေကို ခေါ်ပြီးတော့မှ မီးငြိှမ်းရတာတွေအထိ ဖြစ်သွားတယ်။ ရဲစခန်းရှေ့မှာ ရေတွေအိုင်သွားတဲ့အထိပဲ။ ကားမီးလောင်လို့ မီးခိုးလုံးတွေကို တမြို့လုံးမြင်ရတယ်။ မီးသတ်ကားသံတွေ ဆူညံနေတာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက် ည ၆ နာရီလောက်ကလည်း နွားထိုးကြီးမြို့အရှေ့ဘက်ရှိ ထန်းဇင်ကျေးရွာ ကင်းစခန်းဂိတ်ကို NPDF က ဒရုန်းနဲ့ ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013